ဇွန်လ (၁၄)ရက်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ ထီစဲခါးမှာ အထိုင်ချတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကရင်နီဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Pa-O Youth Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုအခါ မြေပြင်မှာ တိုက်ပွဲငြိမ်နေတယ်လို့ ယူဆနိုင်ပေမယ့် တခါတရံ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။
ရှမ်းတောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၅)လတာကာလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၄၆၃)ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်တာ (၃၅၃၈)ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေက အရပ်သားထိခိုက်သေဆုံးတာကို အများဆုံးဖြစ်စေခဲ့ပြီး ထိခိုက်သေဆုံးတဲ့အထဲ (၆၁)ရာခိုင်နှုန်းရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ရှမ်းတောင် စစ်ပဋိပက္ခတွေထဲ သေဆုံးခဲ့ရတဲ့ အရပ်သားစုစုပေါင်း (၇၇)ဦးရှိခဲ့ကာ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးသူ (၃၄)ဦးရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုကာလမှာလဲ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရကာ ဇန်နဝါရီလ(၂၁)ရက်နေ့ကစပြီး ဇွန်လ (၈)ရက်အထိ ပြည်သူ (၅၃၄၀၀)ဦး စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။