ဇွန်လ (၂၁)ရက်။
မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို ချောင်းဦးမြို့နယ်၊ စစ်ကောင်စီရဲ့ ခင်မွန်ဘက်စုံခြံအနီးမှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတွဲကားယာဉ်တန်းဟာ တိုက်ခိုက်ခံရပြီး ကျည်ထိမှန်ကာ ထိုးရပ်သွားတာတဲ့အပြင် ရိက္ခာအပြည့်ပါတဲ့ ကားတစ်စီးရဲ့ ရှေ့ခေါင်းပိုင်းထဲကို လက်ပစ်ဗုံးတွေပါ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် တွဲကား (၃)စီး သုံးမရအောင် ပျက်စီးသွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေက ရဲဘော်တွေ အထိအခိုက် အပွန်းအပဲ့မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Aera 71 Monywa က အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု-NPRF၊ Chindwin Land Defence Force၊ ONE Local People Defence Myingyan၊ MGN Tiger၊ Black Hero Local PDF၊ Myingyan Danger Dynamite People Defence တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။