ဇွန်လ (၂၁)ရက်။
မနေ့က ည(၇)နာရီဝန်းကျင်ခန့်မှာ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ဗိုလ်သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်တာအချို့ ရှိခဲ့တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Operation Flame(OF)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။
“ မနေ့ည (၇)နာရီကျော်လောက် စကစဗိုလ်သင်တန်းကျောင်းဘက်ကနေ နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲတဲ့အသံ ကြားရတယ်။ အသံကြားပြီး နည်းနည်းကြာတော့ စစ်ဆေးတာတွေလုပ်သွားသေးတယ်” လို့ မြို့နေသူတစ်ဦးက ဆိုပါတယ်။
ဒါ့ပြင် Operation Flame(OF)အနေနဲ့ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဖောက်ခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေကို တားဆီးစစ်ဆေးတာတွေရှိခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။