ဇွန်လ (၂၂)ရက်။
ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(Karenni-IEC)က အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုအရ အကျဉ်းထောင်တွေထဲ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒီလိုလွတ်ငြိမ်းခွင့်ပေးတာမှာ အကျဉ်းထောင်တွေထဲ အကျဉ်းကျနေတဲ့ အကျဉ်းသူ၊ အကျဉ်းသား(၁၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား (၁၀၅)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Karenni-IEC က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲ ဘယ်လိုပုဒ်မတွေပါ၀င်တယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
အခုလို လွတ်ငြိမ်းခွင့်ကို ကရင်နီပြည်နယ်ရဲ့ ကြားကာလအစီအမံ ပုဒ်မ(၃၂)၊ ပုဒ်မခွဲ(ခ)နဲ့ ပုဒ်မခွဲငယ်(၂)နဲ့ ကြားကာလတရားစီရင်ရေး ဥပဒေပုဒ်မ (၃၂)တို့အရ ခွင့်ပြုလိုက်တာလို့ သိရပါတယ်။