ဇွန်လ (၂၃)ရက်။
ကုလအဖွဲ့၀င်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဆီ လက်နက်လွှဲပြောင်းရောင်းချတာ မပြုလုပ်ဖို့ ကုလသံအမတ် ဦးကျော်မိုးထွန်းက ဇွန်လ (၁၉)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ကုလညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆီ လက်နက်လွဲပြောင်းရောင်းချတာက မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်နဲ့ ကိုက်ညီတာမရှိဘဲ အရပ်သားတွေအပေါ် ကျူးလွန်တာတွေကို စစ်တပ်က အရေးယူမှုကင်းလွတ်ခွင့်ရရှိပြီး ပိုမိုအားပေးခွင့်ပြုပေးနေတာလို့ ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာစစ်တပ်ထံ လက်နက်လွှဲပြောင်းတာတွေ လေယာဉ်ဆီတင်ပို့ရောင်းချတာတွေ မပြုလုပ်ဘဲ မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးကာ ပြည်သူတွေရဲ့ အနာဂတ်ကို ပြန်ယူပေးဖို့ တောင်းဆိုထားပါတယ်။
စစ်တပ်က တရားမ၀င်အာဏာသိမ်းချိန်ကစပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တိုက်ခိုက်ချေမှုန်းရာမှာ ခွဲခြားတာမရှိဘဲ နိုင်ငံတ၀န်း ပြည်သူတွေအပေါ် တိုက်ခိုက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ဒီကနေ့အချိန်အထိ အပြစ်မဲ့အရပ်သား (၅၂၀၀)ကျော် သေဆုံးခဲ့ကာ လူဦးရေ (၃)သန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါ့ပြင် NUG အနေနဲ့လဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ တည်ဆောက်ဖို့ကို ဦးတည်ဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။