ဇူလိုင်လ (၂၇)ရက်။
ဇူလိုင်လ (၂၀)ရက်က စစ်ကောင်စီဟာ မြစ်ကြောင်းကနေတဆင့် စဉ့်ကူးမြို့ကို သင်္ဘော (၅)စီးနဲ့ တန်ပြန်ထိုးစစ်ဆင်လာပေမယ့် အထိနာပြီး ပြန်ဆုတ်သွားခဲ့ရတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MDY-PDF အနေနဲ့ စဉ့်ကူးမြို့ထဲ နယ်မြေလုံခြုံရေးနဲ့ အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်နေရတာကြောင့် အခုကာလကို ရှုပ်ထွေးတဲ့ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့၀င်တွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိ မပေါ့လျော့ဘဲ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ကာ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူကို မျက်နှာမူတာမရှိတဲ့ လုပ်ရပ်တွေ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့မှာ စစ်ဆင်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေဆဲကာလဖြစ်တာကြောင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးကာလထဲ လေးစားလိုက်နာရမယ့် ကျင့်၀တ်တွေနဲ့အညီ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
စဉ့်ကူးမြို့ကို ဇူလိုင်လ (၁၇)ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF က အပြီးသတ်သိမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။