ဇူလိုင်လ (၃၀)ရက်။
နိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရ စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်ဖို့က သမဝါယမစနစ်ကိုသာ ကျင့်သုံးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သမဝါယမစနစ်ဆိုတာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီတဲ့ လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရတဲ့ အသင်းအဖွဲ့စနစ်တခုဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီစုံဒီမိုကရေစီစနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး အစိုးရပါ၀င်ဆောင်ရွက်နိုင်တဲ့လုပ်ငန်းနဲ့ ပါ၀င်ဆောင်ရွင်နိုင်တာမရှိတဲ့ လုပ်ငန်းတွေရှိတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒါ့ကြောင့် အဲ့ဒီလုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်နိုင်ဖို့အတွက် သမဝါယမစနစ်ကသာ အသင့်လျော်ဆုံးဖြစ်ကာ ဆောင်ရွက်သွားကြဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် သမဝါယမအသင်းတွေ ဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မျိုး၊ မြေ၊ ရေ၊ နည်း (၄)ချက်နဲ့အညီ တိုးတက်အောင် ဆောင်ရွက်ဖို့ အစည်းအဝေးထဲ ပြောဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးအရ အရေးယူပိတ်ဆို့ခံရတာတွေအပါအ၀င် နိုင်ငံထဲ စီးပွားရေးကျဆင်းနေတာတွေကြောင့် သမဝါယမစနစ်ကို အရင်နှစ်တွေထဲက ပြောဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။