ဩဂုတ်လ (၁)ရက်။
ကောလင်းမြို့ရဲ့ ခုခံတိုက်ပွဲထဲ တော်လှန်ရေးရဲဘော် (၅)ဦး ကျဆုံးခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲထဲ ခရိုင်တပ်ရင်းက ရဲဘော် (၃)ဦး ကျဆုံးခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲထဲ (၅)ဦး ထပ်မံကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် (၁၀)ရက်ကျော် ခုခံကာကွယ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
တိုက်ပွဲထဲကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုကို ၀မ်းနည်းသ၀ဏ်လွှာ ပေးပို့တာနဲ့ ထောက်ပံ့ကြေးပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ (၂)လကျော်ကာလကလဲ ကောလင်းခရိုင် အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ကို MOD ၀န်ကြီးကိုယ်တိုင် လာရောက်တွေ့ဆုံအားပေးပြီး လိုအပ်တာတွေ ညွှန်ကြားခဲ့ပါသေးတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒေသခံ (၂၀၀၀၀)ကျော်အထိရှိနေပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။