ဩဂုတ်လ (၁၁)ရက်။
ရန်ကုန်တိုင်းထဲကို စစ်ဘေးရှောင်လာမယ့်သူတွေအနေနဲ့ နေရာအခက်အခဲရှိပါက လူမှုကူညီရေးအဖွဲ့တွေဆီ အကူအညီတောင်းခံနိုင်တယ်လို့ သာကေတမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းအချို့ထံက သိရပါတယ်။
“ ရန်ကုန်တိုင်းထဲကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်မိသားစုတွေရှိရင် ဒါမှမဟုတ် စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ နေရာလိုအပ်ရင် အကူအညီတောင်းခံနိုင်ပါတယ်။ အလှူရှင်တွေရဲ့ စေတနာ မေတ္တာတွေနဲ့ ကူညီပေးသွားမှာပါ” လို့ သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက ဆိုပါတယ်။
နေရာအခက်အခဲရှိတဲ့ စစ်ဘေးရှောင်တွေကို ရန်ကုန်တိုင်းရှိ အလှူရှင်တွေက စိတ်မကောင်း ၀မ်းနည်းစွာ ကိုယ်ချင်းစာမှုတွေနဲ့ ကြိုဆိုနေပြီး အကူအညီတောင်းသူတွေအနေနဲ့ အချက်အလက်တွေ ပို့ပေးရမယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ အကူအညီတောင်းခံမယ်ဆိုရင် စစ်ဘေးရှောင်လာတဲ့ ပြည်နယ်နဲ့တိုင်း အချက်အလက်တွေအပါအ၀င် လက်ရှိ တည်းခိုနေတဲ့နေရာတို့ကို ပေးပို့ပေးရမှာဖြစ်ပြီး ပြည်သူမှ ပြည်သူသို့ အစီအစဉ်နဲ့ ကူညီပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ ရန်ကုန်တိုင်းကို ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့ကနေ စစ်ဘေးတိမ်းရှောင်လာသူ အများအပြားရှိနေပြီး ငွေကြေးတတ်နိုင်သူတွေကတော့ အဆင့်မြင့်ကွန်ဒိုတွေနဲ့ အိမ်ရာတွေမှာ တလကို ငွေကျပ်သိန်း (၂၀၀)အထိပေးကာ ငှားရမ်းနေထိုင်တာတွေရှိနေပါတယ်။
ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့တို့က စစ်ကောင်စီတပ်မိသားစု၀င်တွေလဲ ရန်ကုန်မြို့ကို တိမ်းရှောင်လာတာတွေရှိပြီး ဌာနဆိုင်ရာ၀န်ထမ်းတွေကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
]