ဩဂုတ်လ (၁၄)ရက်။
ဩဂုတ်လ (၉)ရက်နေ့ကနေ (၁၃)ရက်အထိ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား (၁၁)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ သီပေါမြို့နယ်ထဲ နေ့တိုင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား (၁၁)ဦးဟာ အမျိုးသား (၇)ဦးနဲ့ အမျိုးသမီး (၄)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေဟာ သီပေါမြို့ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံရွာနဲ့ နမ့်ပေါ့ချောင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ (၁၂)ဦးထဲ သီလရှင်တစ်ပါးနဲ့ ကလေးတစ်ဦးပါ၀င်ကာ မြို့ခံပြည်သူတွေဟာ ကျောက်မဲမြို့၊ နမ့်လန်နဲ့ ပန်လုံဘက်ကို စစ်ရှောင်နေရတယ်လို့ ရေးသားထားပါတယ်။
စစ်ရှုံးစစ်ကောင်စီတပ်ဟာ “ ၁၀၂၇ စစ်ဆင်ရေး” ထဲ ရမခအပါအ၀င် မြို့တွေစွန့်လွှတ်ခဲ့ရပြီး ရှုံးမဲမဲကာ ပြည်သူကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေကာ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ ပြောဆိုထားချက်အရ သိရပါတယ်။