ဩဂုတ်လ (၁၇)ရက်။
လားရှိုးမမြို့တိုက်ပွဲထဲကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း (၂၉၆)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကုသတာတွေ ဆောင်ရွက်ပေးခဲ့ပြီး အခုတကြိမ် လွှတ်ပေးခဲ့သူတွေထဲ ဒဏ်ရာရသူတွေပါ၀င်တယ်လို့ ဆိုပါတယ်။
ပြန်လွှတ်ပေးခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ ဒဏ်ရာတွေဟာ မဟာမိတ်တပ်ရဲ့ ကုသမှုအောက်မှာ ပြန်လည်ကောင်းမွန်လာပြီး သူတို့အားလုံးဟာ သူတို့ကိုယ်သူတို့ ပြုစုနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်သုံ့ပန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီတပ်အပေါ် အလွန်စိတ်ပျက်မိကာ အိမ်ပြန်ပြီးနောက် မိသားစုနဲ့အတူ ဘ၀ကို ကောင်းမွန်စွာနေထိုင်လိုတယ်လို့ ပြောဆိုခဲ့ကြောင်း ရေးသားထားပါတယ်။
ဩဂုတ်လ (၆)ရက်နေ့ကစပြီး MNDAA ရဲ့ နိုင်ငံရေးဌာနအနေနဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အစုလိုက်အပြုံလိုက် လွှတ်ပေးခဲ့ပြီး ခရီးသွားစရိတ်တွေ ပေးဆောင်ကာ ဘေးကင်းတဲ့ဒေသတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
MNDAA အနေနဲ့ တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးရာမှာ အခုအချိန်အထိ စစ်သုံ့ပန်း (၂၀၀၀)ကျော်နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။