ရန်ကုန်မြို့မှာ တပ်ပျက်နေပြီ ကြွေးကြော်သံနဲ့ အလံဖြူထောင် ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေ လှုံ့ဆော်မှုပြုလုပ်
ဩဂုတ်လ (၂၉)ရက်။
မနေ့က ရန်ကုန်မြို့မှာ တပ်ပျက်နေပြီ ကြွေးကြော်သံနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြည်သူ့ဘက်ကို အလံဖြူထောင် ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်တဲ့သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ GSCB ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုလို လှုံ့ဆော်စည်းရုံးတဲ့သပိတ်ကို အဆုံးစွန်ထိ မိုက်ကမ်းစွာနဲ့ တိုင်းပြည်၊ လူထုနဲ့ တပ်ကို ဖျက်ဆီးဖိနှိပ်နေတဲ့ အာဏာရူးမင်းအောင်လှိုင်အတွက် အသေမခံဘဲ ပြည်သူ့ဘက်ကို အမြန်ဆုံး ဘက်ပြောင်းခို၀င်ကြဖို့ ပြုလုပ်တာလို့ ဆိုပါတယ်။
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ စတဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီက ပျူစောထီးတွေကို အုပ်ချုပ်ရေးမှူးရာထူးနဲ့ လက်နက်တပ်ဆင်ပေးကာ လူဖမ်းပွဲတွေအပြင် အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းတာနဲ့ ဖိနှိပ်ခြိမ်းခြောက်တာတွေကို ပြင်းထန်စွာ ကျူးလွန်လာတယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူမထောက်ခံတဲ့ စစ်ကို ဆင်နွှဲနေတဲ့အပြင် ပြည်သူကိုပါ ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အုပ်စု သက်ဆိုးရှည်နေတာကို မြန်မာ့တပ်မတော်သားတွေပါ နွေဦးတော်လှန်ရေးထဲ အမြန်ဆုံးပါဝင်ပူးပေါင်းပြီး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြဖို့နဲ့ အထွေထွေအုံကြွအာခံတာတွေနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်ကြရန် နှိုးဆော်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုဖိနှိပ်လေ လူထုရဲ့ အမှန်တရားနဲ့ တော်လှန်စိတ်တွေဟာ ပိုပြီးပြင်းထန်လေဖြစ်ကာ လူထုရဲ့ အုံကြွအာခံတာတွေကို စစ်ကောင်စီနဲ့ သူတို့ယန္တရားတွေ မလွဲမသွေ ကြုံတွေ့ရင်ဆိုင်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
အခုလိုအခြေအနေတွေကြားမှာ မြေပြင်လူထုလှုပ်ရှားမှုထဲ ပြည်သူတွေ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပူးပေါင်းပါဝင်ကြဖို့နဲ့ သပိတ်ရဲဘော်တွေအနေနဲ့လဲ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်၀န်းရံမှုတို့နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။