စက်တင်ဘာလ (၄)ရက်။
မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀)ဗုံး (၂)ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့(TWO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဗုံးချတဲ့နေရာက အောင်ချမ်းသာနဲ့မြို့မကြားက တံတားမှာချတယ်၊ (၁၃၀)ကုန်း အတက်နားမှာရော၊ လက်ဖက်စက်ရုံတော့ထိတယ်၊ အဲ့ဒီလက်ဖက်စက်ရုံမှာနေတဲ့ အလုပ်သမားတစ်ဦးလဲ ထိတယ်၊ ဒဏ်ရာတော့မပြင်းထန်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ မန်တုံမြို့နယ်ရှိ အောင်ချမ်းသာရပ်ကွက်နဲ့ မြို့မတံတားအနီးရှိ ဦးအိုက်အေး အချိုခြောက်လဖက်စက်ရုံကို ပေါင် (၃၀၀)ဗုံး (၃)လုံးနဲ့ (၁၃၀)ကုန်းတပ်စခန်းကို တစ်လုံး ကြဲချခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လဖက်စက်ရုံရှိ နေရာ (၃)နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်တာတွေ အများအပြားရှိခဲ့သလို အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ အသက် (၂၁)နှစ်အရွယ်ရှိ မောင်သက်နိုင်လင်းဖြစ်ကာ ညာဘက်လက်မှာ စစ်ကောင်စီရဲ့ ဗုံးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေ့ါနဲ့ မိုင်းလုံမြို့တို့မှာ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအချိန်ကစပြီး ဒီကနေ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။