စက်တင်ဘာလ (၅)ရက်။
မနေ့က လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိခဲ့ချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ဦးစီးချုပ် မာဝီရဲ့ ဒီကနေ့မှာ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။
“ သတင်းကြိုရတာကြောင့် KNDF ရဲ့ လက်နက်ကြီးအဖွဲ့ကို အမိန့်ပေးတိုက်ခိုက်ခိုင်းခဲ့တာပါ။ ပစ်လိုက်တဲ့ လက်နက်ကြီးကလဲ အကြမ်းဖက်စစ်တပ်ဆီက သိမ်းမိခဲ့တဲ့ (၁၂၀)နဲ့ ပစ်တာ” လို့ သူက ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်ရှိချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကို ဒေသခံတွေကလဲ ပြောဆိုထားပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ အတည်ပြုဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။
မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို သွားရောက်ခဲ့ပြီး လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ နယ်မြေတည်ငြိမ်အေးချမ်းဖို့ အစည်းအဝေးပြုလုပ်တဲ့အချိန် ပစ်ခတ်ခံရတာပါ။
အဲ့ဒီအစည်းအဝေးထဲ လွိုင်ကော်မြို့နဲ့ ဆက်စပ်နေရာတွေမှာ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး ကယားပြည်နယ်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါသေးတယ်။
နောက်ပြီး စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သန်ခေါင်းစာရင်းကောက်ယူတာကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လုံခြုံရေးတွေ ဝိုင်း၀န်းလုပ်ဆောင်ဖို့ မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။