စက်တင်ဘာလ (၄)ရက်။
စက်တင်ဘာလ (၂)ရက်နေ့က ဆောထိမြို့နယ်ထဲကို အင်အား (၁၀၀)ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ၀င်ရောက်လာခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် လက်အောက်ခံ ခမရ (၅၇)၊ ခမရ (၃၄၉)၊ ခမရ (၃၅၀)နဲ့ ခမရ (၅၈၄)တို့ ပူးပေါင်းကာ ဆောထိမြို့နယ်ထဲ စစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ နွံအိုင်စက်လမ်းရှိ ရွှေလုပ်ကွက်မှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံ (၁၀)ဦးနဲ့ ကျောက်တန်းဂွင်ရှိ ရာဘာခြံလုပ်ငန်းက ပြည်သူ (၅)ဦးကို နံနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူတွေကို လက်နက်ကြီးကျည်တွေထမ်းခိုင်းပြီး လူသားဒိုင်းအနေနဲ့ အသုံးပြုကာ မင်းလမ်းသံဆိပ်စခန်းအထိ ခေါ်ဆောင်သွားပြီး ည (၈)နာရီ၀န်းကျင်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ညနေ (၆)နာရီအချိန်က ကျောက်တန်းရွာရှိ အသက် (၁၆)နှစ်အရွယ် ဖြိုးမင်းထက်နဲ့ အသက် (၃၀)နှစ်အရွယ် ထက်လင်းအောင်တို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနေ့ ညနေ (၅)နာရီခွဲအချိန်ကလဲ ကျုံဒိုးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တံတားကျိုးတပ်သစ် အမြှောက်ကုန်းကနေ (၁၂၂)မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီအမြှောက်ကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ရေပူကြီးကျေးရွာအုပ်စုရှိ လှိုင်ကွယ်ကျေးရွာအောက်ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၁)နှစ်နဲ့ (၆၄)နှစ်အရွယ် အရပ်သား (၂)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။