နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

အထူးဆောင်းပါး။

ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။

မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း မင်းလုပ်အုပ်ချုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတာကြောင့် စစ်ဗိုလ်တွေ ကျိကျိတက်ချမ်းသာလာခဲ့ပြီး ပြည်သူမွဲတေလာခဲ့တဲ့အပြင် တိုင်းပြည်မှာပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးတွေ အားလုံး ယိုယွင်းလာခဲ့တာက အဓိကအချက်ကြီးဖြစ်သလို စစ်အာဏာ သိမ်းလိုက်တဲ့အတွက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးထက် ပိုမိုကြီးမားတဲ့ မကြုံစဖူး ပြည်တွင်းစစ်မီး ထတောက်လာတဲ့အခါ ဗမာလူမျိုးတွေကပါ စစ်တပ်စိုးမိုးမှုကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း တိုက်လာခဲ့တဲ့အတွက် သေကြေမှုတွေ နှစ်ဖက်လုံး များပြားလာခဲ့ပြီး တိုင်းပြည်စီးပွားရေး ပျက်သလောက်ဖြစ်နေခဲ့တာရယ်၊ စစ်အုပ်စုက စစ်ရှုံးလာတဲ့အခါ တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေကို မခွဲခြားတော့ဘဲမြို့ရွာတွေကို ပြုန်းပြုန်းပြုတ်အောင် ဗုံးကြဲတိုက်ခိုက်နေတာ မြေပြင်မှာတပ်တွေက ရွာတွေကို မီးလောင်တိုက်သွင်းနေတာကြောင့် ပြည်သူတွေ စစ်ပြေးတွေအဖြစ် နိုင်ငံတွင်းမှာ ၃ သန်းလောက်ရှိလာခဲ့ပြီး နယ်စပ်တလျှောက်မှာလည်း သန်းချီရှိနေပြီ ဖြစ်ပါတယ်။ စားဝတ်နေရေးတွေ ခက်ခဲလာခဲ့ကာ စီးပွားရေးလုပ်နိုင်ခြင်း မရှိကြတော့ဘဲ ကျရှုံးနိုင်ငံဘဝကို စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်မှာ စစ်တပ်က နိုင်ငံရေး၊ စီးပွားရေကို ဝင်ရောက်ချယ်လှယ်ခဲ့တာနဲ့ ဆက်ပြီး သူတို့ကို လူထုက မထောက်ခံမှန်း သိသိကြီးနဲ့ စစ်အာဏာ သိမ်းခဲ့တာကြောင့် ကျရှုံးနိုင်ငံဖြစ်လာခဲ့ရတာက အဓိကအချက်ကြီး ဖြစ်ပေမဲ့ ဒီဆင်ခြေတခုထဲနဲ့ လုံလောက်မှု မရှိပါဘူး။ စစ်တပ်ကြီးစိုးမှုအောက်မှာ လူ့အသိုင်းအဝိုင်းရှိ လူတန်းစားအလွှာ အသီးသီးရဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးလာခြင်းက ကျဆုံးနိုင်ငံဖြစ်ဖို့ ဦးတည်စေခဲ့တဲ့ ဒုတိယအဓိက အရေးကြီးတဲ့ အချက်ကြီးဖြစ်ပြီး စစ်မျိုးဆက် ပြုတ်ကျပြီး နောင်မျိုးဆက်သစ်တွေ လက်ထက်မှာ အနည်းဆုံး ဆယ်စုနှစ်တခုလောက် ကိုယ်ကျင့်တရားတွေ ကောင်းမွန်လာအောင် ခက်ခက်ခဲခဲ ပညာပေးပြုပြင်ခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေများ ပြဌာန်းခြင်းနဲ့ ကျူးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းတို့နဲ့ တည့်မတ် ကြရအုံးမှာ ဖြစ်ပါတယ်။

စစ်တပ်

စစ်တပ်ဟာ သူ့တာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကနေ သွေဖယ်ပြီး နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်စွက်ဖက်လာသလို သူတို့စစ်အမိန့် အောက်မှာသာ တိုင်းပြည်တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ တိုင်းပြည်တည်ငြိမ်အောင် လုပ်တဲ့နေရာမှာ သူတို့လုပ်ဆောင်မှုတွေကို ဝေဖန်သူတွေ ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချမှုတွေ အကြမ်းဖက် နှိပ်စက်သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတာကြောင့် သူတို့လုပ်ရပ်တွေဟာ တရားဥပဒေဘောင်ရဲ့ ပြင်ပကို ရောက်ရှိလာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ ရာဇဝတ်မှုတွေအထိ ကျူးလွန်လာခဲ့သလို နောက်ပိုင်း လူထုဆန္ဒပြပွဲကြီးတွေ ပေါ်လာတဲ့အခါမှာလည်း စစ်အာဏာသုံးပြီး ရက်စက်စွာ ဖြိုခွင်းခဲ့ကြတာကြောင့် စစ်ခေါင်းဆောင်တွေ စိတ်ထဲမှာ အာဏာကို သူတို့လက်လွှတ်ခဲ့ရရင် သူတို့ဟာ စစ်ရာဇဝတ်ကောင်တွေအဖြစ် တရားရုံးမှာ ရင်ဆိုင်ရမဲ့ အခြေအနေကို စိုးရိမ်ထိတ်လန့်လာခဲ့ကြပါတယ်။ ဒီအတွက် သူတို့ဟာ အာဏာကို လက်မလွှတ်ရအောင် နည်းမျိုးစုံနဲ့ ဆန့်ကျင်သူ ဝေဖန်သူတွေကို မဆိုင်းမတွ နှိမ်နင်းခဲ့သလို ပြည်သူ့ဝန်ထမ်းတွေကိုလည်း နည်းမျိုးစုံသုံးပြီး စည်းရုံးခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၄ လအကြာ တင်းကြပ်တဲ့ တက္ကသိုလ်စည်းကမ်းတွေကို ဖြေလျော့ပေးဖို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြမှုကို ဂျူလိုင်လ ၇ ရက်နေ့မှာ ရက်စက်စွာ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ဂျူလိုင် ၈ ရက်နေ့မှာ သမိုင်းဝင် ကျောင်းသား သမဂ္ဂအဆောက်အအုံကြီးကို ဒိုင်းနမိုက်နဲ့ဖြိုခွဲခဲ့ခြင်းဟာ လိုအပ်တာထက် ပိုမိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီပြစ်ချက်တွေကြောင့် စစ်ခေါင်းဆောင်ဟာ မလုံမခြုံသူအဖြစ် သူ့ဘဝတသက်တာ လုံးခံစားနေခဲ့ရပြီး သူနဲ့လုပ်ဖော်ကိုင်ဖက် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ လက်ရေးစာမူတွေ ထွက်လာတဲ့အခါ ဒီဖောက်ခွဲမှုကြီးအတွက် ဗိုလ်ချုပ်နေဝင်းမှာ တာဝန်ရှိတာကြောင့် ဖြေရှင်းဖို့လိုတယ်ဆိုတာ ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး သူအမိန့် မပေးခဲ့ကြောင်း ကိုယ်လွတ်ရုန်းခဲ့ဖူးပါတယ်။

ဗိုလ်သန်းရွှေလက်ထက်မှာလည်း ၈၈ အရေးအခင်းကြီးကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းခဲ့သလို သူတို့ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲအပ်ဖို့ ငြင်းဆန်ခဲ့သလို အနိုင်ရ NLD ပါတီကို ရက်စက်စွာ ဖြိုခွဲခဲ့တယ်။ အခြေခံဥပဒေကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများစု မပါဘဲ သူတို့စိတ်ကြိုက် ၁၀ နှစ်ကျော်ကြာ ရေးဆွဲအတည်ပြုခဲ့သလို ဒီ ၂၀၀၈ ခြေဥဟာ နာဂစ်မုန်တိုင်းအတွင်း ပြည်သူ ၃ သိန်းကျော် သေဆုံးခဲ့ရတာကို လျစ်လျူရှုပြီး အတည်ပြုခဲ့တဲ့ ခြေဥဖြစ်သလို မှန်ကန်မှုလည်း မရှိခဲ့ပါဘူး။ ဒီပဲယင်းသတ်ဖြတ်မှုဟာလည်း ရာဇဝတ်ကြီးကို စစ်အုပ်စုက ဗြောင်ကျူးလွန်ခဲ့တာဖြစ်တယ်။

ဒီလိုပဲမင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့နောက် လက်ရှိ ဖြစ်ပေါ်နေတဲ့ မြို့ရွာတွေကို မီးတိုက်နေမှု လေကြောင်းကနေ ဗုံးကြဲနေမှုတို့ကလည်း ရာဇဝတ်မှုများ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် စစ်ခေါင်းဆောင်တွေဟာ သူတို့မနိုင်ရင် တရားရုံးတွေမှာ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ စွဲချက်တင်ခံရမှာကြောင့် သူတို့အနေနဲ့ နောက်ဆုတ်လို့ မရတော့ပါဘူး။

လူတန်းစားပျက်များ

ပထမဆုံး စစ်အုပ်စုက ချီးမွမ်းအားပေးခဲ့တဲ့လူတန်းစားများက အလုပ်သမား လယ်သမားလူတန်းစားများဖြစ်ပါတယ်။ ကွန်မြူနစ် အသုံးအနှုန်းနဲ့ ဖော်ပြရရင်တော့ ပစ္စည်းမဲ့လူတန်းစားများလို့ ပြောရမှာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်အစိုးရလက်ထက်မှာ ဘဏ်တွေ၊ ကုန်တိုက်တွေ၊ ကုန်စုံဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေကို အရင်းရှင်တံဆိပ်တပ် ပြည်သူပိုင်သိမ်းခဲ့တဲ့နောက် အလုပ်သမားတွေကို လုပ်သားကြီးများဆိုပြီး မြှောက်ပေးခဲ့တယ်။ ပုဂ္ဂလိက အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ ပဋိပက္ခဖြစ်ရင် ခုံရုံးကအလုပ်သမားတွေကို အနိုင်ပေးတယ်။ အလုပ်ရှင်တွေကို တိုက်ခိုက်ဝေဖန်ရင် အလုပ်ကျကျနန မလုပ်ရင် အလုပ်ရှင်က အလုပ်ထုတ်လို့ မရဘူး။

ပြည်သူပိုင်စက်ရုံတွေမှာ အလုပ်ကြိုးစားလုပ်တဲ့ အလုပ်သမားလည်း ဒီလစာပဲရ အလုပ်မလုပ်ဘဲ ကျားထိုးနေတဲ့ အလုပ်သမားလည်း ဒီလစာပဲရနဲ့ ကြာတော့ ဘယ်သူကမှ အလုပ်ကို ကြိုးကြိုးစားစား မလုပ်တော့ဘဲ အလုပ်သမားတွေ ပျက်စီးလာကြရတယ်။ အလုပ်ရှင်အလုပ်သမား ပြဿနာဖြစ်ရင် အမှားအမှန်ထက် အလုပ်ရှင်ကို တဖက်သတ် အရှုံးပေးတယ်။ အလုပ်သမားတွေကို ဦးစားပေးတယ်၊ အစိုးရစက်ရုံတွေမှာလည်း စက်ရုံအလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို အပြစ်ပေးလို့ မရဘူး။

စက်ရုံမှူးတွေကို စစ်ဗိုလ်တွေကို ခန့်ထားတော့ စီမံခန့်ခွဲမှုတွေ မတတ်ကြဘူး။ ဘာမှလည်း နားမလည်ကြဘူး။ ဒါကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာတယ်။ ပြည်တွင်းထုတ်ကုန်တွေ အရည်အသွေး လျော့ကျလာတယ်။ ပြည်သူပိုင်စက်ရုံတွေ အရှုံးပြပြီး ပိတ်ကုန်တယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာတော့ အလုပ်သမားတွေ လစာတိုးပေးဖို့ ဆန္ဒပြကြတဲ့အခါ ပစ်ခတ်နှိမ်နင်းပြီး ခေါင်းဆောင်တွေကို ထောင်ချပစ်ခဲ့တယ်။ အလုပ်သမားအခွင့်အရေးမှာ အစိုးရကို ဆန္ဒပြခွင့်မပါဘူး အစိုးရကို တောင်းဆိုခွင့် မရှိဘူးလို့ ဆိုတယ်။

ဒါပေမဲ့ မြန်မာအလုပ်သမားတွေရဲ့ စိတ်ထဲမှာ အလုပ်ရှင်ဟာ သူတို့နဲ့ စီးပွားရေးလုပ်ဖက်တွေ ဖြစ်တယ်။ သူတို့က ထုတ်ကုန်တွေ အရည်အသွေး ကောင်းအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိသလို အလုပ်ရှင်က သူတို့စက်ရုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ စီမံခန့်ခွဲပေးဖို့ လစာ လုံလောက်အောင် ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလုပ်ရင်း နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး လုပ်ငန်း တိုးတက်ကြီးပွား လာအောင် လုပ်ဆောင်ကြမယ်ဆိုတဲ့ ဆက်ဆံမှုတွေကို ပျက်စီးစေခဲ့တယ်။

အလုပ်သမားတွေက အလုပ်ရှင်တွေကို သူတို့ကို အမြတ်ထုတ် ခေါင်းပုံဖြတ်နေသူတွေဆိုတဲ့ အနှုတ်လက္ခဏာ အမြင်ကို တဖက်သတ် ရိုက်သွင်းပေးခဲ့ပြီး အလုပ်ရှင်အလုပ်သမား ပဋိပက္ခကို ဖန်တီးခဲ့ပါတယ်။ အလုပ်ရှင်တယောက်ဖြစ်ဖို့ ဘယ်လောက်ဝိရိယ စိုက်ထုတ်ခဲ့ရတယ် မိမိလုပ်အားနဲ့ အရင်းအနှီးရအောင် ဘယ်လောက် စုဆောင်းခဲ့ရတယ်။ လုပ်ငန်းအသေးလေးတွေကနေ လုပ်ငန်းကြီး ဖြစ်လာအောင် ကျွမ်းကျင်လုပ်သားဘဝကနေ လုပ်ငန်းရှင် ဘဝရောက်အောင် ဘယ်လောက်ကြိုးစားပြီး အချိန်တွေ လုပ်အားတွေ ဆိုက်ထုတ်ခဲ့ရတယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို သတိမပြုမိဘဲ မေ့ထားခဲ့ကြတာကြောင့် တည်ငြိမ်တဲ့ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး အခြေအနေ မြန်မာပြည်မှာ ဆိတ်သုဉ်းခဲ့ရပါတယ်။

အလုပ်သမားတွေက မိမိအလုပ်ရုံက ထွက်ကုန်တွေကို အရည်အသွေးကောင်းအောင် ထုတ်လုပ်ပေးဖို့ တာဝန်ထက် မိမိအလုပ်ကို တာဝန်ကြေလုပ်ပြီး လုပ်ခလစာကို အချိန်မှန် ရချင်တာတွေဟာ ဆိုရှယ်လစ်ခေတ်က စတင်ခဲ့တဲ့ အကျင့်စရိုက်ပျက်တခုအနေနဲ့ မြင်ပါတယ်။ စက်ရုံထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးညံ့ရင် ရောင်းအား ကျဆင်းလာမယ်။ ရောင်းအားကျဆင်းလာရင် စက်ရုံတွေမှာ အလုပ်သမားဦးရေကို လျော့ချရမယ်၊ နောက်ဆုံးအလုပ်ရုံ ပိတ်လိုက်ရပြီး အလုပ်ရှင်ရော အလုပ်သမားပါ အလုပ်လက်မဲ့ ဖြစ်မယ်ဆိုတာကို မမြင်နိုင်တာပဲ ဖြစ်ပါတယ်။

အလုပ်သမားတွေနဲ့ အလုပ်ရှင် ဆက်ဆံရေးတွေ ပြိုကွဲလာတယ်။ အပြန်အလှန်အကျိုးပြုမှ နှစ်ဦးနှစ်ဖက် တိုးတက်ကြီးပွားလာမယ်လို့ မမြင်ကြတော့ဘဲ သူတို့ချမ်းသာအောင် ငါတို့က လုပ်ပေးနေရတယ်။ ငါတို့ကို ခေါင်းပုံဖြတ်နေတယ်လို့ မြင်တာကြောင့် အပြန်အလှန် လေးစား ယုံကြည်မှု မရှိဘဲ ရန်သူတွေလို မြင်လာကြတယ်။ အလုပ်ရှင်ဖက်ကလည်း လုပ်ခကို ထိုက်တန်အောင်မပေး၊ အချိန်ပိုကြေးမပေးဘဲ ညစ်ချင်ကြတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ထိန်းကြောင်းပေးတဲ့ မျှတတဲ့ ကြားခံယန္တရား မရှိဘဲ အစွန်းရောက် ဘက်လိုက်ဆုံးဖြတ်သူတွေသာ ကြီးစိုးနေခဲ့တယ်။

ဗိုလ်သန်းရွှေလက်ထက်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်ပေးပြီး ပြည်သူပိုင်သိမ်းထားတဲ့ စက်ရုံအလုပ်ရုံတွေကို စစ်တပ်ပိုင်စီးပွားရေး ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ (MEC) ဦးပိုင်က ယူလိုက်ပြီး အရင်းရှင်တွေကို တိုက်ခိုက်ခဲ့တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်ချုပ်တွေ အရင်းရှင်ကြီးတွေအဖြစ် အသွင်ပြောင်း ချမ်းသာလာခဲ့ကြပါတယ်။ သူတို့နဲ့ပင်းစားတဲ့သူတွေလည်း ခရိုနီသူဌေးကြီးတွေအဖြစ် ကြီးပွားလာကြ မြန်မာ့မြေပေါ်က သစ်တောတွေကို ခုတ်ထွင်ရှင်းလင်း ရောင်းချပြီး ချမ်းသာလာခဲ့ကြပါတယ်။ မိုးကုတ်ကျောက်တွင်းတွေ၊ ဖားကန့်ကျောက်စိမ်းတွင်းတွေလဲ စစ်ဗိုလ်ချုပ်တွေ ရှယ်ယာထည့်ထားတဲ့ ကုမ္ပဏီတွေက လက်ဝါးကြီးအုပ် အင်တိုက်အားတိုက် မြေတူး မြေကော် မြေသယ် စက်ကြီးများသုံးပြီး အဝီစိရောက်အောင်တူး၊ နောက်မျိုးဆက်တွေအတွက် မချန်ဘဲ ငါဦးငါယူ အတ္တကြီးစွာနဲ့ ထုတ်ယူနေကြတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေရတဲ့ဘဝကို ရောက်ခဲ့ကြရတာ ဘယ်သူက ကျေနိုင်ပါ့မလဲ။

ညစ်ပတ်တဲ့စစ်အစိုးရနဲ့ အကျင့်ပျက်ဝန်ထမ်းများ

အစိုးရရုံးဝန်ထမ်းတွေမှာလည်း အလုပ်လုပ်ရာမှာ မိမိတို့ဟာ ပြည်သူကို ဝန်ဆောင်မှုပေးနေသူတွေအဖြစ် ပြည်သူပေးနေတဲ့ အကောက်အခွန်တွေကနေ မိမိတို့လုပ်ခလစာ ရနေကြတာလို့ မမြင်ကြဘဲ ပြည်သူတွေက ရုံးတွေကိုလာရင် မိမိဂွင်ထဲရောက်လာတယ်လို့ ရှုမြင်ပြီး ဘယ်လို လက်ဖက်ရည်ဖိုးရအောင် ညစ်ထားရမလဲ အချိန်ဆွဲထားရမလဲဆိုတဲ့ အတွေးတွေကသာ စစ်အစိုးရအဆက်ဆက် မြန်မာ့ရုံးလုပ်ငန်းတွေမှာ ကြီးစိုးလာခဲ့ပြီး အကျင့်ပျက်ခြစားလာခဲ့ကြသလို အစိုးရကိုယ်တိုင်က ပြည်သူအဆင်ပြေရေးကို မိမိရုံးလုပ်ငန်းတွေက ဝန်ဆောင်မှုပေးရေးထက် ပြည်သူတွေထံက အစိုးရက နည်းအမျိုးမျိုးနဲ့ ဘယ်လိုရိပ်ယူရမလဲဆိုတဲ့ အတွေးနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

ဥပမာအားဖြင့် စစ်အစိုးရက ပြည်သူတွေကို ဘယ်လိုညစ်ထားသလဲဆိုတာဆိုတာ- ပတ်ပို့စ်ထုတ်ပေးတာကို အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လေ့လာရင် အခြားနိုင်ငံတွေမှာ ပြည်သူတွေအတွက် သာမန်ပတ်စ်ပို့တမျိုး နဲ့ အစိုးရဝန်ထမ်းတွေအတွက် သီးသန့်ခွဲထားတဲ့ ပတ်စ်ပို့အမျိုးအစား ၃မျိုးသာရှိပြီး မြန်မာနိုင်ငံမှာတော့- ၂၀၁၆ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ အရောင်အမျိုးမျိုးဖြင့် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အမျိုးအစား ကိုးမျိုး ထုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အမျိုးအစား ကိုးမျိုးမှာ –

၁။ PB – လုပ်ငန်းပတ်စပို့၊
၂။ PT – မှီခိုနိုင်ငံကူးပတ်စပို့၊၊
၃။ PJ – အလုပ်အကိုင်ပတ်စပို့၊
၄။ PR – ဘာသာရေးဆိုင်ရာပတ်စပို့၊၊
၅။ PS – Seaman Passport၊(သင်္ဘောသားပတ်စပို့၊)
၆။ PE – ကျောင်းသားပတ်စပို့၊
၇။ PV – အလည်အပတ် နိုင်ငံကူးပတ်စပို့။
၈။ PD – သံတမန်ပတ်စပို့နဲ့

အများဆုံးထုတ်တဲ့ အမျိုးအစားသုံးမျိုးက PV၊ PS နဲ့ PJ နိုင်ငံကူးလက်မှတ်တွေ ဖြစ်ပါတယ်။ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေဟာ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပအလုပ်သမား သက်သေခံကတ်ပြား ထပ်မံတင်ပြရန် လိုအပ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာတော့ နိုင်ငံကူးလက်မှတ် ၄ မျိုး ရှိပြီး သုံးမျိုးကတော့ အစိုးရဝန်ထမ်းတွေနဲ့ စစ်ဖက်သံတမန်တွေ အတွက်ဖြစ်ပြီး သာမန် ပြည်သူတွေ အတွက်ကတော့ တမျိုးပဲ ရှိပါတယ်။

၁။ အနက်ရောင် အမေရိကန် နိုင်ငံကူးလက်မှတ်
(အနက်ရောင်ပတ်စပို့တွေကို နိုင်ငံခြားရေးဌာနအရာရှိတွေ၊ သံတမန်တွေကိုသာ ထုတ်ပေးပါတယ်။ ဥပမာအားဖြင့်၊ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတနဲ့ သူရဲ့မိသားစုအတွက် အနက်ရောင်ပတ်စပို့ ထုတ်ပေးပါတယ်။)
၂။ မိုးပြာရောင်အမေရိကန် နိုင်ငံကူးလက်မှတ်
မိုးပြာရောင်ပတ်စ်ပို့ကို အခြားအစိုးရဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေအပြင် နိုင်ငံခြားကို ခရီးသွားနေတဲ့ တပ်မတော်သားတွေကို ထုတ်ပေးပါတယ်။ အဆိုပါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေမှာ FBI အေးဂျင့်တွေနဲ့ ဗျူရိုကရက်တွေ ပါဝင်ပါတယ်။
၃။ မီးခိုးရောင်အမေရိကန် နိုင်ငံကူးလက်မှတ်
မီးခိုးရောင်ပတ်စပို့တွေကို အစိုးရကို ပံ့ပိုးကူညီရန် လာရောက်တဲ့ပြင်ပကုမ္ပဏီ ကန်ထရိုက်တာတွေကို ထုတ်ပေးပါတယ်။ ဒါတွေကိုဝန်ဆောင်မှုပတ်စ်ပို့ (Service Passport) လို့လည်း ခေါ်ပါတယ်။
၄။ ဂန္တဝင်- အပြာရင့်ရောင်အမေရိကန် နိုင်ငံကူးလက်မှတ်
ပုံမှန်အမေရိကန်နိုင်ငံသားတွေကိုတော့ အပြာရောင်ပတ်စပို့ ထုတ်ပေးပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် တခြားအမေရိကန်နိုင်ငံကူး လက်မှတ်အရောင် ရှိသူတွေမှာလည်း အပြာရင့်ရောင်ပတ်စပို့တွေပါ ရှိတဲ့အတွက် အခြားအရောင်ပတ်စပို့တွေဟာ အပန်းဖြေခရီးသွားခြင်းအတွက် အကျုံးမဝင်ပါဘူး။ အလုပ်ကိစ္စနဲ့ ခရီးသွားဖို့အတွက်သာ အကျုံးဝင်ပါတယ်။

အဲ့ဒီကိစ္စတခုတည်းကို ကြည့်ရင် တိုးတက်နေတဲ့ အမေရိကန်နိုင်ငံမှာ မိမိပြည်သူတွေအတွက် ပတ်စ်ပို့တမျိုးကိုသာ ထုတ်ပေးထားပြီး မိမိအစိုးရ ဝန်ထမ်းများအတွက်သာ သက်ဆိုင်တဲ့ရာထူးအလုပ်နေရာအတွက် အခြားအရောင်တွေကို ထုတ်ပေးပါတယ်။မိမိပြည်သူတွေဟာ နိုင်ငံခြားအလည်အပတ်သွားသွား၊ အလုပ်သွားလုပ်လုပ်၊ ကျောင်းသွားတက်တက်၊ သူတို့အပြာရင့်ရောင်ပတ်စပို့တမျိုးထဲနဲ့အလုပ်ဖြစ်ပါတယ်။

မြန်မာအစိုးရကမူ ပြည်သူများ အဆင်ပြေစေရေးထက် ပတ်စ်ပို့ တမျိုးပြီး တမျိုးကို ပြည်သူကို ထုတ်ပေးပြီး ကျောင်းသားအဖြစ် ကျောင်းတက်နေသူက အလုပ်လုပ်မည်ဆိုရင် အလုပ်သမားပတ်ပို့စ်အတွက် ငွေပေးပြောင်းလဲ ထုတ်ရပါတယ်။ ဘာမဆို အဖိုးအခယူပြီးမှ ထုတ်ပေးပါတယ်။ အဲ့ဒီလို တမျိုးကနေ တမျိုးသို့ ပြောင်းရာမှာလည်း မြန်မြန်ရရှိဖို့ ပွဲစားနဲ့တမျိုး ဝန်ထမ်းတွေကို လာဘ်ထိုး၍တဖုံ လုပ်ဆောင်ရပါတယ်။

ပြည်သူတွေကို သက်သာအဆင်ပြေစေလိုတဲ့ စေတနာထက် ပြည်သူတွေထံက ညစ်နည်းမျိုးစုံနဲ့ခက်ခဲအောင်လုပ်ပြီး ငွေကို ညှစ်ထုတ်ယူရန်သာ စဉ်းစားလုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီလို လုပ်ဆောင်ဖို့ ဝန်ထမ်းတွေက သူတို့စားပေါက်ရနိုင်ဖို့ နည်းပေးလမ်းပြ လုပ်ကြပါတယ်။ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အဲ့ဒီလို ပတ်စ်ပို့မျိုးစုံ သတ်မှတ်လိုက်ပါက ဘယ်လောက်ဝင်ငွေတိုး ရလာမယ်လို့ တင်ပြခြင်းကို သဘောကျ အတည်ပြုခဲ့ကြပါတယ်။ ပြည်သူတို့ အဆင်ပြေရေးထက် မိမိတို့ ဝင်ငွေပိုရလာကြောင်း မျက်နှာလုပ်လိုကြပါတယ်။ ဒါကြောင့် စစ်အစိုးရ အဆက်ဆက်မှာ ဝန်ထမ်းတွေ အကျင့်ပျက် လာဘ်စားမှုတွေက တရားဝင် အသိအမှတ်ပြုတဲ့ သဘောမျိုး သက်ရောက်ယဉ်ပါးလာခဲ့တယ်ဆိုပါက မမှားပါ။

အစိုးရမှတ်ပုံတင်ရုံးကိုသွားပြီး မှတ်ပုံတင်လျှောက်ရင် ရုံးဝန်ထမ်းက ရဲထောက်ခံစာယူအုံး ရပ်ကွက်ထောက်ခံစာယူအုံးစသဖြင့် ခိုင်းတတ်ပါတယ်။ ရဲကလည်း ထောက်ခံစာရေးပေးရေးကို အင်တင်တင် လုပ်ညစ်ထားပြီး ဂွင်ဖန်တတ်ပါတယ်။ မှတ်ပုံတင်ရုံးကလည်း နောက်နေ့လာပါအုံး လူကြီးအစည်းဝေး ရှိနေလို့ ဘာညာဆင်ခြေပေး ဂွင်ဖန်ကြပြန်ပါတယ်။ အဲ့ဒီလို ပြည်သူကိုဝန်ဆောင်မှုပေးရမယ့်ဝန်ထမ်းက ပြည်သူက ငွေပေးမှလာဒ်ထိုးမှ လိုတာရမယ်ဆိုတဲ့ အခြေအနေဟာ စစ်အုပ်စုအုပ်ချုပ်မှုအောက်မှာ ခိုင်မာစွာ ဖြစ်လာခဲ့ရပါတယ်။

ပညာရေးဝန်ထမ်းများ အကျင့်စာရိတ္တ ပျက်စီးခြင်း

၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်မှာ ပုဂ္ဂလိကကျောင်းတွေနဲ့ မစ်ရှင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းခဲ့ပြီးနောက်ပိုင်း ပညာရေး အရည်အသွေး များစွာ ကျဆင်းသွားခဲ့ရပါတယ်။ အစိုးရကျောင်းဆရာတွေမှာ ကျောင်းသားလူငယ်တွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်စေရန် သွန်သင်ပေးရတဲ့ ဆရာဆရာမတွေက ပြင်ပမှာ အခကြေးငွေနဲ့ ကျူရှင်တွေ ပေးလာခဲ့ကြပါတယ်။ မိမိအတန်းကနေ မိမိပေးနေတဲ့ ကျောင်းပြင်ပ ကျူရှင်တက်သူတွေကို ဖိသင်ပေးပြီး ကျောင်းမှာသင်ကြားမှုကို လျော့ချသင်ကြားပြီး ခိုလာခဲ့တဲ့အတွက် ပြင်ပကျူရှင် မသင်ကြားနိုင်တဲ့ ကျောင်းသားတွေအတွက် များစွာနစ်နာခဲ့ရပါတယ်။

ပိုလို့ဆိုးတာက စစ်အစိုးရက ကျောင်းတွေမှာ ရောင်းချနေတဲ့ မိရိုးဖလာကျောင်းတွင်းဈေးသယ်တွေကို မောင်းထုတ်ပြီး ကျောင်းဆရာ ဆရာမတွေကို အပိုဝင်ငွေရအောင် အသိဉာဏ်ကင်းမဲ့စွာနဲ့ ဈေးရောင်းချစေခဲ့တဲ့အတွက် ကျောင်းဆရာတပိုင်း ဈေးသယ်တပိုင်း ဖြစ်လာခဲ့ကြပြီး မိမိစာသင်ချိန်မှာ အာရုံထားရမယ့် အနေအထားထက် မုန့်စားကျောင်းလွှတ်ချိန်မှာ ဈေးသယ်တွေအဖြစ် အပြေးအလွှား ဈေးရောင်းကြတဲ့သူတွေ ဖြစ်လာတာဟာ အံ့သြစရာပင် ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် စစ်အုပ်စုက အခွင့်အရေးပေး ဖျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေဟာ အတန်းပိုင်ဆရာမထံမှာ မျက်နှာသာရရန် ကျူရှင်ယူရသလို မုန့်စားဆင်းချိန်မှာ ဆရာမဆိုင်မှာ မုန့်ဝယ်စားကြရတဲ့ အခြေအနေကို ပါကျရောက်ခဲ့ရပါတယ်။

စာမေးပွဲအောင်စာရင်း ရာခိုင်နှုန်းကောင်းတာ လိုချင်တယ်လို့ ဗိုလ်သန်းရွှေက ပြောခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာနက အထက်တန်းကျောင်းတွေကို ဖိအားပေး ကျောင်းအုပ်ကြီတွေက ကျောင်းဆရာတွေကို ဖိအားပေး ဒီလိုအဆင့်ဆင့် ဖိအားပေးတဲ့အခါ ကျောင်းဆရာတွေကလည်း ကျောင်းသားတွေ စာတတ်တတ် မတတ်တတ် အအောင်ပေးတဲ့ အစဉ်အလာဖြစ်လာပြီး ပညာရေး အဆင့်များစွာ နိမ့်ကျလာခဲ့ရတယ်။ အင်္ဂလိပ်ခေတ်က ၁၀တန်းအောင်နှုန်း ၂%-၃%လောက်ရှိခဲ့ပြီး တကယ်ထူးချွန်မှ တက္ကသိုလ်ကို ရောက်နိုင်ပေမဲ့ မဆလခေတ်မှာ ၂၀%-၃၀% အထိရှိလာပြီး ဗိုလ်သန်းရွှေလက်ထက်မှာ ၈၀%လောက်ရှိလာခဲ့ပြီး သူတို့လက်ထက်မှာ အောင်ချက်ကောင်းတယ်လို့ ကြွားပေမဲ့ အရည်အတွက် သာရှိပြီး အရည်အချင်းများစွာ နိမ့်ကျခဲ့ရပါတယ်။

မြန်မာပြည်အထူးကု ဆရာဝန်ကြီးများ

စစ်အုပ်အုပ်စုလက်ထက်မှာ ဆေးရုံတွေကိုလည်း ပြည်သူပိုင်သိမ်းခဲ့ပါတယ် ။ စစ်ရုံးချုပ်နဲ့နီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်ရှိ အမေရိကန်နား၊ မျက်စိ၊ လည်ချောင်း အထူးကုဆေးရုံကြီးကိုလည်း သိမ်းယူခဲ့ပါတယ်။ နောက်ပိုင်း ဗိုလ်ချုပ်သန်းရွှေ လက်ထက်မှာ ခရိုနီများကို ပုဂ္ဂလိက ဆေးရုံများ ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိကဆေးရုံများတွင် အထူးကုဆရာဝန်ကြီးများကို အချိန်ပိုင်း ဆေးခန်းလာထိုင်ရန် ငှားရမ်း ထားရှိခဲ့ကြပါတယ်။ အဲ့ဒီ ဆရာဝန်ကြီးတွေဟာ ဆေးရုံတခုကနေတခုကို ကူးလူးပြီး ထိုင်ကြပါတယ်။ လူနာတွေကို ကြည့်တဲ့အခါ တယောက်ကို ၂-၃ မိနစ်လောက်သာ ကြည့်တတ်သလို လူနာတယောက် ကြည့်ရှုစစ်ဆေးနေတုန်း နောက်လူနာတစ်ဦးကို အခန်းထဲကို ထပ်သွင်းတော့ လူနာနှစ်ယောက် အခန်းထဲမှာ အတူရှိနေပြီး အကုန်မြင် အကုန်ကြား နေရပါတယ်။ လူနာတဦးချင်းအတွက် ကိုယ်ရေးလုံခြုံမှု မရှိတဲ့အပြင် မသိလို့ မေးရင်လည်း ဟိန်းဟောက်တတ်ပါသေးတယ်။ အထူးကုဆရာဝန်အဖြစ် အဿပြာကို နင်းကန်ရှာပြီး လူနာများကို သေချာစွာ ကုသတဲ့သူတွေ၊ သေချာစွာ ရှင်းလင်းပြောပြတဲ့သူတွေအဖြစ်ကနေ ယုတ်လျော့လာခဲ့ပြီး အဿပြာဆရာဝန်တွေ ဖြစ်လာခဲ့ကြပါတော့တယ်။

ဆရာဝန်တွေဟာ ဆေးကုမ္ပဏီတွေကနေ နမူနာဆေးတွေကို လူနာတွေကိုပေးပြီး စမ်းသပ်စေတာကြောင့် မြန်မာပြည်က လူနာတွေဟာ နိုင်ငံခြားဆေးကုမ္ပဏီတွေရဲ့ စမ်းသပ်ခံ ဓါတ်ခွဲခန်း သတ္တဝါတွေအဖြစ် ကျရောက်နေခဲ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆေးအရောင်းဆိုင်တွေမှာ ဆေးတွေရောင်းချတာအပြင် ဆရာဝန်တွေကိုယ်တိုင် ဆေးအရောင်းဆိုင်တွေထောင်ပြီး ရောင်းချတာကြောင့် ဆေးတွေ အကန့်အသတ်မရှိ သတ်မှတ်ချက်မရှိ ထင်သလိုပေးတာကြောင့် မသေသင့်ဘဲ သေကြရသလို အနာတလွဲ ဆေးတလွဲ ပေးမှုတွေကြောင့် တချို့လူနာများ ရောဂါမပျောက်ဘဲ ဆေးကြောင့် အခြားရောဂါ ရရှိလာတာမျိုး ဖြစ်ကြရပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ ဆရာဝန်က ဆေးရောင်းလို့ မရသလို ဆေးကိုပေးချင်သလိုပေးလို့ မရပါဘူး။

ဆေးဆိုင်တွေဟာ ဆရာဝန်လက်မှတ်ပါမှ ဆေးရောင်းချပေးသလို ဆေးဝါးပညာရှင် ဖြစ်ဖို့ စာမေးပွဲအောင် လက်မှတ်လိုပါတယ်။ အဲ့ဒီဆေးဆိုင်တွေကနေ ဆရာဝန်ပေးတဲ့ဆေးကို ဘယ်လို စားသုံးရမယ်ဆိုတာကို ညွှန်ကြားပြောဆိုပါတယ်။ ဆရာဝန်က လိုအပ်တာထက် ဆေးပိုပေးရင် ဆေးဝါးပညာရှင်က ဆရာဝန်ကို ဖုံးဆက်ပြီး မေးမြန်းစုံစမ်းကြပါတယ်။

တရားရေး

တရားရေးမှာလည်း တရားဥပဒေဆိုတာ စာအုပ်ထဲမှာသာရှိပြီး တရားရုံးတွေက စစ်တပ်က ချပေးတဲ့အမိန့်အတိုင်း နိုင်ငံရေးသမားတွေကို နှိပ်ကွပ်နေကြတယ်။ ဆန္ဒပြမှုကို ထောင်အနှစ် ၂၀ ချပြီး လူသတ်မှုကို ထောင် ၆ နှစ်ချတာမျိုးပေါ့။ အထက်တရားရုံးနဲ့ တရားသူကြီးချုပ်တွေဟာ အုပ်ချုပ်သူ စစ်အိစုးရခန့် တရားသူကြီးတွေဖြစ်ပြီး သူတို့က စစ်အစိုးရ သတ်မှတ်ပေးတဲ့ စီရင်ချက်တွေကို ချပေးတဲ့ အဆင့်ထက် မပိုပါဘူး ၊အစိုးရက မတရားလုပ်တာကို အယူခံဝင်လို့ မရသလို အစိုးရကို တရားစွဲလို့လဲ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပါးစပ်ဥပဒေသာရှိပြီး တရားဥပဒေဆိုတာ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်ပါတယ်။

နိဂုံး

နိဂုံးအားဖြင့် ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာသလဲဆိုရင် လူတွေဟာ ကိုယ်တာဝန်ယူ လုပ်ဆောင်ပေးရမဲ့ ဝန်ဆောင်မှုတွေကို အလွဲသုံးစား လုပ် ကိုယ်ကျိုးရှာနေကြလို့ပါ။ စစ်တပ်က တိုင်းပြည်ကာကွယ်ရေးထက် နိုင်ငံရေး၊ စီးပွားရေးကို ဝင်ရောက်မိုက်ကြေးခွဲယူပြီး ကိုယ်ကျိုးရှာနေတာကြောင့် ပြည်တွင်းစစ် ဖြစ်လာရတယ်။

အစိုးရဝန်ထမ်းတွေက ပြည်သူကို ဝန်ဆောင်မှုပေးရမဲ့ အလုပ်ကို ခက်ခဲအောင်လုပ်ပြီး အပိုဝင်ငွေရှာ လာဘ်ပေးလာဘ်ယူလုပ် အကျင့်ပျက် ခြစားနေတာကြောင့် အစိုးရယန္တရားတွေ ကောင်းစွာမလည်ပတ်နိုင်ဘဲ နှောင့်နှေးနေရတယ်။ ပြည်သူတွေပေးတဲ့ အခွန်ငွေတွေနဲ့ သူတို့ကို လုပ်ခလစာ အဖြစ်ပေးနေတာကြောင့် ပြည်သူတွေက လာအကူအညီတောင်းရင် အားတက်သရော အမြန်ဆုံး ကူညီရမယ်ဆိုတဲ့ သဘောတရားတွေ ပျောက်ကွယ်နေခဲ့တယ်။

ကျောင်းဆရာတွေ တပည့်တွေကို ပညာတတ်အောင်သင်ကြား ပေးတာကိုငွေရမှ တတ်အောင် သင်မယ်ဆိုတဲ့ အသပြာဆရာတွေဖြစ်လာခဲ့တယ်။ ဆရာဝန်တွေကလည်း အသပြာဆရာဝန်တွေ ဖြစ်လာကြ ဆေးဆိုင်တွေဖွင့် ဆေးတွေတွဲ ရောင်းကြ၊ အင်ဂျင်နီယာတွေကလည်း လမ်းတံတား ဆောက်လုပ်ရေးတွေမှာ လာဘ်စားကြနဲ့ တိုင်းပြည်ဟာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားတဲ့ နိုင်ငံကြီး ဖြစ်လာခဲ့ရပါတယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့က စစ်အာဏာသိမ်းခဲ့မှုရဲ့ အကျိုးဆက်ဟာ ၂၀၂၁ ခုနှစ်မှာတော့ ပေါက်ကွဲလာတဲ့ လက်နက်ကိုင် ပြည်သူ့တော်လှန်ရေးကို အသွင်ကူးပြောင်း ရောက်ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ အဖက်ဖက်မှာ ကျဆုံးလာပြီး ကျရှုံးနိုင်ငံဘဝကို ရောက်ခဲ့ရပါတော့တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မှော်ဘီလေတပ်စစ်ဆင်ရေးထဲ Dark Shadow တပ်သား (၂)ဦး ဖမိးဆီးခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ရဲဘော်တပ်သား (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် အင်းစိန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 6 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က အင်းစိန်မြို့ရှိ စစ်ကောင်စီရဲ့ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ စစ်ရှုံးစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ရှုံးစစ်ကောင်စီဟာ ကန့်ဘလူမြို့နယ်ရှိ မလည်တိုက်နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းအချိန်ကစပြီး စစ်ရှုံးစစ်ကောင်စီဟာ တံတားဦးလေတပ်ကနေ Mi-35p တိုက်ခိုက်ရေးလေယာဉ်နဲ့
မြန်မာသတင်း

ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ အထူးရဲတစ်ဦးက ဓါးထိုးထွက်ပြေးကာ ရဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၄)နာရီအချိန်က ပုသိမ်မြို့မှာ သတင်းရဲတပ်ဖွဲ့(SB)တစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ဓါးထိုးထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ပုသိမ်က SB ဇော်ကြီးကို ရန်ကုန်ကဆင်းလာတဲ့ အထူးစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးတဲ့အချိန်
မြန်မာသတင်း

မိတ္ထီလာမြို့ရှိ စစ်ကောင်စီရဲကင်း ဖောက်ခွဲတိုက်ခိုက်ခံရ၊ ရဲ (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်လမ်းဆုံရှိ စစ်ကောင်စီရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၈)နာရီလောက် နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ
မြန်မာသတင်း

တပ်ကုန်းမြို့ ချောင်းခြားရွာက လူ (၁၀၀)ကျော် အစာအဆိပ်သင့်ကာ ဆေးကုသနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 3 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၁၀)နာရီခန့်က တပ်ကုန်းမြို့ရှိ ချောင်းခြားရွာက လူဦးရေ (၁၀၀)ကျော် အစာအဆိပ်သင့်တာကြောင့် ဆေးရုံတွေမှာ ဆေးကုသတာတွေ ခံယူနေရတယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က အလှူရှင်တွေ လာလှူတဲ့
မြန်မာသတင်း

ထန်တလန်မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေ (၃)နာရီနဲ့ (၄)နာရီကြားမှာ စစ်ကောင်စီတွေ အခြေချတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို
မြန်မာသတင်း

မိုးသည်းထန်စွာရွာမှာကို မမှန်းဆမိခဲ့တဲ့အတွက် အထိအခိုက်များပြားခဲ့တာလို့ စစ်ခေါင်းဆောင် ၀န်ခံ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 12 Views
စက်တင်ဘာလ (၁၈)ရက်။ သတိပေးတာတွေရှိပေမယ့် အချိန်တိုထဲ မိုးသည်းထန်စွာ ရွာသွန်းမှာကို မမှန်းဆခဲ့မိကြတာကြောင့် အထိအခိုက် များပြားခဲ့တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ သဘာ၀ဘေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဘာ၀ဘေးဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ထဲ