စက်တင်ဘာလ (၈)ရက်။
နောင်ချိုမြို့နယ်ရှိ သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်ကောင်စီက စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
မနေ့က တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့၊ တောင်ခမ်းရွာရှိ (၉၀၂)တပ်စခန်းအပါအ၀င် မကျီးရေရွာနဲ့ အမြောက်တပ် (၃၅၄)နေရာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးအလုံးရေ (၁၀၀)နီးပါး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းနေရာကို ထောက်ပို့ယာဉ် Y-12 နဲ့ လက်နက်ခဲယမ်း (၃၈)ထုပ် လာရောက်ကြဲချခဲ့သေးတယ်လို့လဲ ပြောဆိုထားပါတယ်။
နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း (၄)ခုရှိတဲ့အထဲ TNLA ဘက်က တပ်စခန်း (၂)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ အမြောက်တပ် (၃၅၄)နဲ့ (၉၀၂)တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ တောင်ခမ်းရွာက အမြောက်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့ကာ အဲ့ဒီထဲ စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ သံချပ်ကာကားတွေနဲ့ တိုက်ပွဲ၀င်နေတာနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တာကို ထည့်သွင်းဖော်ပြထားချက်အရ သိရပါတယ်။