စက်တင်ဘာလ (၉)ရက်။
ပြီးခဲ့တဲ့တစ်လထဲ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အပါအ၀င် မြို့နယ်ပေါင်း (၂၀)မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၃၂)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၄၀)ဦးသေဆုံးပြီး (၉၅)ဦးခန့် ဒဏ်ရာရရှိခဲ့သလို PDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ လက်နက်အမျိုးအစားအစုံအလင် အလက်ပေါင်း (၃၀)ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၈)ဦးသေဆုံးကာ (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲတွေထဲ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာ PDF တွေနဲ့ မဟာမိတ်ဖြစ်တဲ့ KNU/KNLA တပ်တို့က ပူးတွဲပြုလုပ်ခဲ့တာလို့ သိရပါတယ်။