စက်တင်ဘာလ (၉)ရက်။
မနေ့က ညနေ (၅)နာရီခွဲအချိန်မှာ စစ်မှုထမ်းကိစ္စ ဦးဆောင်လုပ်ကိုင်နေတဲ့ ပျူစောထီးခေါင်းဆောင် မိုးနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်(KRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြစ်သားမြို့နယ် မကျည်းကန်ရွာက ပျူစောထီးခေါင်းဆောင် မိုးနိုင်ကို မကျည်းကန်ကျေးရွာရှိ ဘော်လီဘောကွင်းထဲ တော်လှန်ရေးရဲဘော်တွေက ၀င်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် မိုးနိုင်ဟာ မြစ်သားမြို့အနောက်ခြမ်းရှိ ရွာ (၅)ရွာခန့်က အုပ်ချုပ်ရေးမှူးတွေကို ကြိုးကိုင်ပြီး စစ်ကောင်စီဗိုလ်မှူးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ကာ စစ်မှုထမ်းကိစ္စတွေကို ဦးဆောင်လုပ်ကိုင်နေတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူဟာ ကျေးရွာထဲ အရက်ဆိုင်နဲ့ ချဲဒိုင်တွေကိုလဲ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပြီး လစဉ် ဆက်ကြေးကောက်ခံပေးနေတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ မိုးနိုင်ကို ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်(KRA)နဲ့အတူ မြင်းခြံ (၃၅)ပျောက်ကျားတပ်ဖွဲ့နဲ့ စဉ့်ကိုင်မြို့နယ်(ပကဖ)တို့ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပြောဆိုထားပါတယ်။
အခုလို စစ်ကောင်စီလက်ပါးစေ ဒေါက်တိုင်ဖြစ်တဲ့ မိုးနိုင်ကို ပစ်ခတ်ရှင်းလင်းတာနဲ့ပတ်သက်ပြီး လွတ်လပ်ပြီး တရားမျှတမှုကိုလိုလားတဲ့ မိဘပြည်သူတွေနဲ့ ပြည်တွင်းပြည်ပက ထောက်ပို့တစ်ဦးချင်းစီတိုင်းကို အလေးထားတဲ့အနေနဲ့ ထုတ်ပြန်တာလို့ သိရပါတယ်။