စက်တင်ဘာလ (၁၂)ရက်။
မနေ့က ဖယ်ခုံမြို့ရှိ သိကျိတ်ရွာထဲ တောင်ကျချောင်းရေစီးကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရတယ်လို့ ထွန်းမြန်မာဒိုနေရှင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ သိကျိတ်ရွာထဲ တောင်ကျရေစီးကြောင့် (၃)ဦးသေဆုံးခဲ့ပါတယ်။ အဘွားအိုတစ်ဦးက ဆေးရုံမှာ ဆုံးသွားတယ်။ မိန်းကလေးတစ်ဦးရဲ့ ရုပ်အလောင်းကို ကံဆန်းချောင်းမှာတွေ့တယ်။ နောက်ပြီး လူငယ်တစ်ဦး ဆုံးတယ်” လို့ ဆိုပါတယ်။
တောင်ကျချောင်းရေစီးကြောင့် ဖယ်ခုံမြို့ရှိ သိကျိတ်ရွာမှာ နေအိမ် (၂၅)လူံးခန့် ပျက်စီးခဲ့တယ်လို့ သိရပြီး ဆီးဘူးရွာနဲ့ ခွီးတလုတ်ရွာကြား တောင်ပြိုတာကြောင့် ဟို၀မ်စစ်ဘေးရှောင်စခန်းက အိမ် (၂)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ဒီကနေ့ တောင်ငူ လိပ်သို ယာဒိုလမ်းမပေါ် တောင်ကျရေစီးကြမ်းပြီး ယာဒိုစစ်ဘေးရှောင်စခန်းက မိုးကာတဲ (၁၀)လုံးကျော် ရေထဲမျောပါသွားပါသေးတယ်” လို့ ထွန်းမြန်မာဒိုနေးရှင်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ခူးပရာရွာမှာ တောင်ပြိုကျတာကြောင့်လဲ အိမ်တစ်လုံး ပြောင်းရွှေ့ခဲ့ရပြီး မိုးဗြဲရေကာတာ ရေလွှတ်ချတဲ့အတွက် စပါးခင်း ဧကများစွာ ပျက်စီးခဲ့သလို လိုဘာခိုရွာရှိ လယ်တောစစ်ရှောင်စခန်းအနီး တောင်ပြိုတာကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။