စက်တင်ဘာလ (၁၂)ရက်။
ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ(၅၀)၊ ယန္တရားကုန်းနဲ့ အမှတ် (၃၇၁)အမြှောက်တပ်တို့က ပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်က ပြည်သူတွေရှိတဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်နေမယ်ဆိုရင် မြို့နယ်ထဲက စစ်ကောင်စီစခန်းရှိရာ နေရာတွေကို တန်ပြန်ပစ်ခတ်သွားမယ်လို့ သတိပေးထားပါတယ်။
မြို့နယ်ပကဖအနေနဲ့ သတိပေးထားတဲ့ စစ်ကောင်စီစခန်းတွေဟာ ခလရ(၅၀)၊ ယန္တရားကုန်း၊ အမှတ် (၃၇၁)အမြှောက်တပ်အပါအ၀င် ဂန့်ဂေါမြို့ပေါ်ရဲစခန်း၊ မြစ်သာဆည်ပေါ်စခန်းနဲ့ မြောက်ခင်ရန်းရွာရဲစခန်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ စစ်ကောင်စီရဲ့ ခလရ(၅၀)က ညအချိန် စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဂန့်ဂေါမြို့ရှိ ရှုံးရှီကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။