စက်တင်ဘာလ (၁၄)ရက်။
ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က ရွှေပြည်သာမြို့နယ်၊ (၁၄)လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာမှာ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၇)နာရီ (၁၀)မိနစ်လောက်မှာ (၁၄)လမ်းဆုံက စစ်တပ်ဘန်ကာကို စခတွေက ကားနဲ့လာပြီး ဂျူတီချိန်းတဲ့အချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခ (၃)ဦး ထိထိမိမိ ထိခိုက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် (၃)ဦး ထိမှန်ခဲ့ကာ နောက်ဆက်တွဲကို ထပ်မံအတည်ပြုစုံစမ်းနေပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
GHF ရဲ့ မြို့ပြမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုံး၀အုပ်ချုပ်ခွင့်မရဖို့နဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုလိုတိုက်ခိုက်ခဲ့တာဟာ “ M 043 စစ်ဆင်ရေး” ရဲ့ တစိတ်တဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင်တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေ၊ လုပ်ငန်းဌာနတွေ၊ အထိုင်ကင်းတွေ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။