စက်တင်ဘာလ (၁၅)ရက်။
တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ဩဂုတ်လထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား (၂၅)ဦးသေဆုံးခဲ့ပြီး (၄၇)ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အရပ်သား ထိခိုက်သေဆုံးခဲ့ရတာတွေဟာ အကြမခးဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ ရွာလုံးကျွတ်မီးရှို့တာနဲ့ လက်နက်ကြီးတွေ ကျေးရွာတွေထဲ ပစ်ခတ်တာတွေကြောင့်လို့ ဆိုပါတယ်။
ရှုံးမဲမဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်များစွာကို နိုင်ငံအနှံ့အပြားမှာ နေ့တိုင်း ဆက်တိုက်ပြုလုပ်နေပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်သေဆုံးကြရတယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လထဲ ထား၀ယ်မြို့ နယ်စပ်ရေးရာ၀န်ကြီးကားတန်း တိုက်ခိုက်တာနဲ့ တောင်ငူလေတပ်စခန်း တိုက်ခိုက်တာအပါအ၀င် တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲပေါင်း (၇၇)ကြိမ် ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေကို ဒရုန်းနဲ့တိုက်ခိုက်တာ (၇၆)ကြိမ်၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ (၇)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်တာ (၁၃)ကြိမ်နဲ့ စစ်ကောင်စီသတင်းပေးဒေါက်တိုင်တွေ ရှင်းလင်းတာ (၅)ကြိမ်ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ခိုက်ခံရတာတွေကြောင့် ဩဂုတ်လထဲ စစ်ကောင်စီတပ်သား (၂၂၅)ဦးသေဆုံးပြီး (၁၇၄)ဦးဒဏ်ရာရကာ တော်လှန်ရေးရဲဘော်တွေဘက်က (၈)ဦး အသက်ပေးလှူခဲ့ရပြီး (၃၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။