++++++++++++++++++
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းတွေကို အကာအကွယ်ယူဖို့အတွက်အတွက် အမေရိကန်အစိုးရဟာ EV ကားတွေအပေါ် 100 ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအပါအဝင် တရုတ်စက်မှုသွင်းကုန်တွေကို အခွန်တင်းကြပ်လိုက်ပါတယ်။
အိမ်ဖြူတော်ထိပ်တန်းစီးပွါးရေးအကြံပေး လက်ဘရိန်းနက်က အမေရိကန်နိုင်ငံရဲ့ EV ကားလုပ်ငန်းဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို အားကိုးနေရတဲ့အခြေအနေကနေ ရပ်တန့်နိုင်ဖို့အတွက် အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဘိုင်ဒန်အစိုးရဟာ တရုတ် EV တွေအပေါ် အခွန် 100 ရာခိုင်နှုန်း၊ ဆိုလာဆဲလ်တွေအတွက် အခွန် 50 ရာခိုင်နှုန်းနဲ့ သံမဏိ၊ အလူမီနီယံ၊ EV ကား ဘက်ထရီနဲ့ အခြားသတ္တုပစ္စည်းတင်းသွင်းမှုတွေကို အခွန်တိုးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီ အခွန်ဥပဒေဟာ လာမယ့် စက်တင်ဘာလ 27 ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဌာန(USTR)က ထုတ်ပြန်ခဲ့ပါတယ်။
ဝါရှင်တန် တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်ရဲ့ အခွန်မြှင့်တင်ခြင်းဟာ တရုတ်နိုင်ငံကို ဖိနှိပ်ဖို့နဲ့ အမေရိကန်နိုင်ငံရဲ့ စက်မှုပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်မှုတစ်ခုသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ EV ကားလုပ်ငန်းအောင်မြင်မှုဟာ ဆန်းသစ်သောတီထွင်မှုနဲ့ တရုတ်အစိုးရရဲ့ အားပေးကူညီမှုတွေကြောင့်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တင်းကြပ်မှုမြှင့်တင်လိုက်တာဟာ သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ကာမယ်လာဟဲရစ်နဲ့ ဒေါ်နယ်ထရန့်တို့ တရုတ် သံမဏိနဲ့ မော်တော်ကားတင်သွင်းမှုတွေကို တင်းကြပ်မယ်လို့ မဲဆန္ဒရှင်တွေကို ကတိပေးခဲ့ကြပြီးတဲ့နောက်မှာ သက်ရောက်မှုရှိခဲ့တာပါ။ ဒေါ်နယ်ထရန့်က သူသမ္မတဖြစ်လာရင် တရုတ်သွင်းကုန်တွေကို အခွန် 60 ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ မဲဆွယ်ခဲ့တာဖြစ်ပါတယ်။
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ USTR ဌာနရဲ့ ဖော်ပြချက်မှာ တရုတ်နိုင်ငံထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို အခွန် 50 ရာခိုင်နှုန်းနဲ့ ဆိုလာပြားတွေမှာအသုံးပြုတဲ့ ဆီလီကွန်ဝေဖာနဲ့ ပိုလီဆီလီကွန်တွေကိုလည်း လာမယ့် 2025 ခုနှစ်ကနေစပြီး အခွန်တိုးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ယခင်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က ချမှတ်ထားတဲ့ အခွန်အကောက်တွေကို ၂ နှစ်ကျော်ကြာ ပြန်လည်သုံးသပ်မှုဟာ ပြီးခဲ့တဲ့ မေလအတွင်းက ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် ဘိုင်ဒန်အစိုးရဟာ လစ်သီယမ်အိုင်ရွန်း ဘက်ထရီတွေ၊ ဓါတ်သတ္တုတွေနဲ့ EV ကားတွေအပေါ် အခွန်စတင်တင်းကြပ်လိုက်တာဖြစ်ပြီး လာမယ့် 2026 ခုနှစ်မှာတော့ တရုတ်နိုင်ငံထုတ် စက်ပစ္စည်းတွေအားလုံးကို အခွန်ထပ်မံတိုးမြှင့်သွားမှာဖြစ်ပါတယ်။
အခု အခွန်စည်းကြပ်မှုအသစ်မှာ ဒေါ်လာ ဘီလျံ 300 ကျော်တန်ကြေးရှိတဲ့ တရုတ်နိုင်ငံထုတ်အရုပ်တွေ၊ တီရှပ်တွေနဲ့ အင်တာနက်ရောက်တာတွေ၊ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းတွေကိုလည်း ယခင်ထရန့်လက်ထက်က အခွန် 7.5 ရာခိုင်နှုန်းကနေ 25 ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
EV ဘက်ထရီထုတ်လုပ်မှုမှာ အရေးပါတဲ့ ဂရပ်ဖိုက်နဲ့ အခြားဓါတ်သတ္တုတွေအပေါ် အခွန်လျှော့ပေါ့ပေးဖို့ အမေရိကန်ကားထုတ်လုပ်တဲ့ကုမ္ပဏီတချို့က တောင်းဆိုခဲ့ပေမယ့် အဲဒီတောင်းဆိုမှုတွေကို လျစ်လျူရှုပြီး အခွန်တိုးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။