စက်တင်ဘာလ (၁၆)ရက်။
စက်တင်ဘာလ (၁)ရက်နေ့က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦး CDM ပြုလုပ်ကာ အလင်း၀င်လာခဲ့တယ်လို့ ဒေါနတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦးဟာ ဗျူဟာ (၃၃)နယ်မြေထဲက ဒေါနတပ်ရင်းရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေကို ဆက်သွယ်၀င်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်ကောင်စီအရာရှိ (၂)ဦးကို လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားပြီး MOD ကနေတဆင့် ပြည်သူ့သားကောင်းတွေအနေနဲ့ အသိအမှတ်ပြုကာ ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးရှုံးနိမ့်တာတွေနဲ့ နယ်မြေဆုံးရှုံးတာတွေ ကြုံတွေ့နေရပြီး တပ်ထဲမှာလဲ မတရားတာတွေအပြင် အောက်လက်ငယ်သားတွေအနေနဲ့ စိတ်ဓါတ်ကျဆင်းတာတွေ အကြီးအကျယ်ခံစားနေရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေကို မျက်နှာမူတဲ့ ပြည်သူ့စစ်သားစစ်စစ်တွေကို အချိန်မရွေး နွေးထွေးစွာကြိုဆိုနေပြီး အသက်အန္တရာယ် အာမခံချက်နဲ့ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားမယ်လို့ ဒေါနတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။