စက်တင်ဘာလ (၁၈)ရက်။
မနေ့က နံနက် (၁၀)နာရီခန့်က တပ်ကုန်းမြို့ရှိ ချောင်းခြားရွာက လူဦးရေ (၁၀၀)ကျော် အစာအဆိပ်သင့်တာကြောင့် ဆေးရုံတွေမှာ ဆေးကုသတာတွေ ခံယူနေရတယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ မနေ့က အလှူရှင်တွေ လာလှူတဲ့ ဒန်ပေါက်တွေ၊ ကြက်သားအာလူးဟင်းနဲ့ ဘဲဥချဉ်ဟင်းတွေစားပြီး ညနေပိုင်းမှာ အစာအဆိပ်သင့်သလို ၀မ်းလျှောတာ အော့အန်တာတွေဖြစ်လို့ ဆေးကုသနေရတယ်” လို့ ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ချောင်းခြားရွာက ကလေးငယ်တွေအပါအ၀င် လူ (၁၀၀)ကျော်ဟာ အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ ဒန်ပေါက်၊ ကြက်သားအာလူးဟင်းနဲ့ ဘဲဥချဉ်ဟင်းတို့ကို စားပြီး ညနေပိုင်းအချိန်မှာ ၀မ်းလျှောတာနဲ့ အော့အန်တာတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အစာအဆိပ်သင့်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့တာကြောင့် တပ်ကုန်းမြို့ ကုတင် (၁၀၀)ဆေးရုံမှာ ပြင်ပလူနာအနေနဲ့ (၅၀)ဦး၊ အတွင်းလူနာအနေနဲ့ (၅၆)ဦးအပြင် နေပြည်တော်ရှိ ကလေးအထူးကုဆေးရုံမှာ အတွင်းလူနာ (၅)ဦးနဲ့ ကုတင်(၃၀၀)မှာ (၄)ဦး ဆေးကုသနေပါတယ်။
အခုအခါမှာတော့ လူနာအားလုံး ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်နေကာ သက်ဆိုင်ရာ မြို့နယ်၊ ကျေးလက်က ဆရာ၀န်နဲ့ ကျန်းမာရေးမှူးတွေ ကွင်းဆင်းပြီး ရောဂါကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သဘာ၀ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို အစားအသောက်တွေ လှူဒါန်းတဲ့အခါ သန့်ရှင်းတဲ့အစားအသောက်တွေကို ပေးပို့လှူဒါန်းကြဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းစေဖို့ ကြီးကြပ်ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။