စက်တင်ဘာလ (၁၈)ရက်။
မနေ့က နံနက် (၈)နာရီအချိန်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်လမ်းဆုံရှိ စစ်ကောင်စီရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က နံနက် (၈)နာရီလောက် နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်းဘေးက ရဲကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ရဲ (၃)ဦးသေပြီး (၅)ဦး ပြင်းထန်ဒဏ်ရာရသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲကင်းကို ဖောင်တော်ဦးဘုရားပွဲတော်မစခင် နံနက်ပိုင်းမှာ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ရဲ (၃)ဦး သေဆုံးခဲ့သလို (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲ ရဲမေ (၂)ဦးပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေက မိတ္ထီလာမြို့ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီစစ်ဆင်ရေးကို မြို့နယ်ပကဖနဲ့ ခရိုင်တပ်ရင်း (၄)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။
မိတ္ထီလာမြို့နယ်ပကဖနဲ့ ခရိုင်တပ်ရင်းတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေကို အရှိန်မြှင့်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းလုပ်ကိုင် နေထိုင်တာမပြုဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။