စက်တင်ဘာလ (၁၈)ရက်။
ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က အင်းစိန်မြို့ရှိ စစ်ကောင်စီရဲ့ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်ရှိ အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်တွေ ပြင်းထန်ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ရွာမအရှေ့ရပ်ကွက်ရှိ အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းကာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ အင်းစိန် ရွာမအရှေ့ရပ်ကွက်က အုပ်ကြီးရုံး ဗုံးပစ်ခံရတာ၊ အသံက (၂)ကြိမ်ဆက်တိုက်လောက်ကြားရတယ်။ ထိခိုက်တာတွေတော့ မသိဘူး” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
ပြည်သူတွေကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေပြီး မတရားဥပဒေထုတ်ကာ စစ်မှုမထမ်းမနေရဥပဒေကို အားပေးအားမြှောက်ပြုနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့ ထပ်မံသတိပေးထားပါတယ်။
ဒါ့အပြင် နောက်ထပ်ပစ်မှတ်ကြီးတွေကိုလဲ မဟာမိတ်တွေ ပူးပေါင်းကာ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေနဲ့ ဝေးဝေးနေဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။