စက်တင်ဘာလ (၁၉)ရက်။
“ ၁၀၂၇ စစ်ဆင်ရေး” ထဲ စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့ရှိ ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀)နဲ့ ငွေသားကျပ်သိန်း (၁၅၀) မတည်လှူဒါန်းခဲ့တယ်လို့ MDY-PDF ရဲ့ မမေ့င ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးကုတ်မြို့ရှိ အထက်ညောင်ကုန်းရွာ၊ အောက်ညောင်ကုန်းရွာ၊ ဖြူရောက်ကျေးရွာ၊ ကျောက်တလုံးရွာနဲ့ လွယ်မွန်းရွာတို့က ပြည်သူတွေကို အိမ်ထောင်စုတစ်စုကို ဆန် (၁)အိတ်နဲ့ ငွေသား (၅၀၀၀၀)ကျပ် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ဆန်အိတ်တွေကို အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီ ကိုယ်စားလှူဒါန်းပေးတဲ့ မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်းတို့ကို အထူးကျေးဇူးတင်ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။
မိုးကုတ်မြို့ကို “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအနေနဲ့ TNLA နဲ့ MDY-PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ (၂၄)ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။
အခုအခါမှာတော့ စစ်ဆင်ရေးထဲ မိုးကုတ်မြို့အပါအ၀င် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA က အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။