စက်တင်ဘာလ (၂၀)ရက်။
ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပွတ်ချွန်းအခွံ(ဆေးလိပ်)တွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခံခဲ့ရသူဟာ ပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် (၃)နှစ် မတရားချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနိုင်ငံရေးအကျဉ်းသားဆီကနေ ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ စက္ကူစာရွက် ပွတ်ချွန်းအခွံ တွေ့တယ်ဆိုပြီး စွပ်စွဲကာ ထောင်အာဏာပိုင်တွေက ခန္ဓာကိုယ်ကို ရိုက်နှက်ပြီး ဦးခေါင်းနဲ့ မျက်နှာကို ဖိနပ်နဲ့နင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ကာ ပြင်းထန်စွာ ရိုက်နှက်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသားရဲ့ ကျောပြင်မှာ ပေါက်ပြဲ ပွန်းရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားကို ဥပဒေမဲ့ ရိုက်နှက်ခဲ့သူဟာ အမှတ်(၅)အိပ်ဆောင်က အဆောင်မှူး ရဲထွဋ်၀င်း(ကိုယ်ပိုင်အမှတ် က-၄၀၉၂ လ/ထရကမ-၁)နဲ့ ဒုတပ်ကြပ် စောအောင်ကိုလေးတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ အဆောင်(၅)ရဲ့ အဆောင်မှူးနဲ့ ပါဝင်ခဲ့တဲ့ အကျဉ်းဦးစီး၀န်ထမ်းတွေကို အကူးအပြောင်းကာလမှာ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ဖြစ်စဉ်မှတ်တမ်းနဲ့အတူ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။