စက်တင်ဘာလ (၂၁)ရက်။
စက်တင်ဘာလ (၁၈)ရက်နေ့က စလင်းမြို့နယ်ထဲ မီးလိုင်းတွေပြင်ဖို့လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်စက်ရုံတွေဖြစ်တဲ့ ကပစ(၂၅)နဲ့ ကပစ (၂၁)တို့ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေကို စလင်းမြို့နယ်ပကဖက ဖြတ်တောက်ခဲ့တာလို့ ဆိုပါတယ်။
မီးလိုင်းတွေ ဖြတ်တောက်ခံရပြီး ပျက်စီးသွားတာကြောင့် ပြန်လည်ပြင်ဆင်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတပ်တွေက မိုင်းဆွဲတာ၊ Drone နဲ့တိုက်ခိုက်တာ၊ Rocket နဲ့ ပစ်ခတ်တာအပြင် လက်နက်ကြီးတွေနဲ့ အချိန်ကိုက် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၁၈)ဦးသေဆုံးကာ (၁၂)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦးတစ်ယောက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ဆင်ရေးထဲ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နယ်မြေ(၃)၊ နယ်မြေ(၂)၊ မကွေးတိုင်းပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူးခရိုင် တပ်ရင်း(၁)နဲ့ မင်းဘူးခရိုင်တပ်ရင်း (၅)တို့ ပူးပေါင်း ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။