စက်တင်ဘာလ (၂၂)ရက်။
ရန်ကုန်မှာ တော်လှန်ရေးရဲဘော် (၄)ဦး စစ်တပ်ရဲ့ ဖမ်းဆီးတာကိုခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကောင်စီဘက်က တန်ပြန်ဖမ်းဆီးချိန် စက်တင်ဘာလ (၁၉)ရက်မှာ တော်လှန်ရေးရဲဘော် (၄)ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ တော်လှန်ရေးရဲဘော် (၄)ဦးဟာ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ တွဲဘက်တည်ထောင်သူ ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ လူငယ်သပိတ်ကော်မတီ(YSC)က ကိုအောင်မင်းခိုင်(ခ)မဲကြီးနဲ့ မမြမဉ္စူအပြင် နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီရဲဘော် (၄)ဦးဟာ ရန်ကုန်မြို့ လူထုလှုပ်ရှားမှုထဲဦးဆောင်ပါ၀င်သူတွေဖြစ်ပြီး စစ်တပ်ရဲ့ မတရားဖမ်းဆီးတာကို ခံရပြီးနောက် လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်တာတွေနဲ့ စစ်ကြောမေးမြန်းခံနေရတယ်လို့ ရေးသားထားပါတယ်။
အခုအခါ စစ်ကောင်စီလက်ထဲ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရတယ်လို့ ပြောဆိုထားပါတယ်။
ရဲဘော် (၄)ဦးဟာ မြန်မာပြည်မှာ ဆိတ်သုဉ်းနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအ၀င် လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီရေးတို့အတွက် စစ်အာဏာရှင်ကို လူထုတိုက်ပွဲနည်းလမ်းနဲ့ ရဲရင့်စွာ အံတုခဲ့ကြတဲ့ အရေးတော်ပုံတပ်သားတွေအနေနဲ့ မှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို ရဲဘော်ရဲဘက်တွေ ဖမ်းဆီးခံရပေမယ့် နောက်ဆုတ်ကြောက်ရွံ့သွားမှာမဟုတ်ဘဲ ရဲဘော်တွေကိုယ်စားအတွက်ပါ ပိုမိုထက်သန်တဲ့ ဇွဲလုံ့လတို့နဲ့ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။