စက်တင်ဘာလ (၂၅)ရက်။
စက်တင်ဘာလ (၂၃)ရက်နဲ့ (၂၄)ရက်နေ့တို့မှာ စစ်လက်ရုံးရွေးချယ်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်တိုင်တက်ရောက်ရွေးချယ်ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် (၆၇)နဲ့ စစ်တပ်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၂၇)တို့က စစ်လက်ရုံး ရွေးချယ်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီးခြားစီ တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။
စစ်လက်ရုံးရွေးချယ်ပွဲတွေကို စစ်ခေါင်းဆောင်နဲ့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး ထိန်၀င်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်အရာရှိတွေအပါအ၀င် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ကျောင်းအုပ်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်လောင်းတွေကို တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်းပြီး သူတို့နဲ့ သင့်လျော်တဲ့ ကြည်း၊ ရေ၊ လေ စစ်လက်ရုံးတွေအတွက် ရွေးချယ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ နယ်မြေခံစစ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး တိုက်ပွဲထဲ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်အနေနဲ့ နယ်မြေလုံခြုံဖို့နဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေအပြင် နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။