နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အရှေ့တောင်အာရှ အာရှ

တရုတ်၊ အာစီယံနဲ့ မြန်မာ့နိုင်ငံရေး?

စစ်အာဏာသိမ်းခြင်းနဲ့အတူ ပြည်တွင်းအုံကြွဆန္ဒပြမှုကြီး ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ရက်စက်စွာ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လုပ်ပေမဲ့ ဆန့်ကျင်မှုတွေ ရပ်မသွားဘဲ နေရာဒေသအနှံ့၊ လက်နက်ကိုင် တော်လှန် လာတာကြောင့် အာဆီယံအဖွဲ့ကြီးက အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျာကာတာရှိ အာဆီယံအစည်းအဝေးကို ခေါ်ယူပြီး‌ ဒေသတွင်း မတည်မငြိမ်ဖြစ်နေတာကို ဖြေရှင်းဖို့ လမ်းပြမြေပုံ (၅) ချက်ကို အကောင်အထည် ဖော်ပေးပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးစေခဲ့တယ်။ ဒါလက်မှတ်ထိုးပေးခဲ့ပေမဲ့ အချက် (၅) ချက်ထဲက တချက်ကလေးတောင်မှ မင်းအောင်လှိုင်က မလုပ်ဆောင်ခဲ့ဘူး။


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ပြီး အာဆီယံသဘောတူညီချက် (၅) ချက်နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ နိုင်ငံရေး ထွက်ပေါက်တစ်ခု ပေါ်ပေါက်ရေးအတွက် စစ်တပ်က “ပထမခြေလှမ်း” လှမ်းရမယ်လို့ တိုက်တွန်းခဲ့တယ်။ ဒီလိုပဲ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက သဘောတူထားတဲ့ မူဝါဒက အာဆီယံခေါင်းဆောင်များ အတည်ပြုထားတဲ့ “မူ ၅ ချက်” ဖြစ်တယ်။ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကလည်း အာဆီယံ ရပ်တည်ချက်ကို ထောက်ခံထားတယ်။

အဲဒီထဲမှာ အရေးကြီးဆုံးအချက်မှာ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်း“ဖို့ သက်ဆိုင်သူ အားလုံး” (All parties) ပါဝင်ဆွေးနွေး ညှိနှိုင်းနိုင်ရေးဖြစ်တယ်။ ဒါက ကမ္ဘာ့နိုင်ငံအသီးသီးက သဘောတူချမှတ်ထားတဲ့ လမ်းကြောင်းဖြစ်တယ်၊ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ၃ နှစ်ကြာ ကာလအထိ ဘာတခုမှ အကောင်အထည်မဖော်ပဲ စစ်အနိုင်တိုက်ရေးကိုသာ ဇောင်းပေးလုပ်နေခဲ့ပေမဲ့ မအောင်မြင်ပဲ နောက်ဆုံး ‌မြောက်ပိုင်းညီနောင်တို့က လားရှိုးကို သိမ်းလိုက်သလို မိုးကုတ်နဲ့ နောင်ချိုလည်း ရသွားတယ်။ မကြာသေးခင်က သီပေါကို သိမ်းလိုက်သလို အေအေကလည်း ရခိုင်ပြည်နယ် တခုလုံးနီးပါးကို ရနေပြီး ဂွ၊စစ်တွေနဲ့ ကျောက်ဖြူလောက်သာ သိမ်းဖို့ ကျန်တဲ့အနေအထား ရောက်လာခဲ့တယ်။

မင်းအောင်လှိုင်ကို အသိအမှတ်မပြုဘဲနေရာက တရုတ်ကလားရှိုးကို MNDAA က မတိုက်ခင် ကြားဝင်လာပြီး စကစနဲ့ ဟိုင်ဂင်မှာ ညှိပေးတယ် ဒါပေမဲ့ စကစက အပစ်မရပ်တဲ့အတွက် MNDAA နဲ့ TNLAတို့ကဆက်တိုက်ပြီး MNDAAကလားရှိုးကို သိမ်းသလို TNLA က MDY- PDFနဲ့တွဲပြီး မိုးကုတ်နဲ့ နောင်ချိုကို သိမ်းပြီး မတ္တရာကို ဝင်လာတယ်။ မန္တလေးကို ချိမ်းခြောက်လာနေတယ်။ MDY- PDF က NUG တပ်ဖွဲ့တခုဖြစ်တဲ့အတွက် တရုတ်က အမေရိကန် ထောက်ခံထားတဲ့ NUG ပါလာတာကို မကြိုက်ဘူး။ မြန်မာပြည်တွင်းရေးမှာ အိမ်နီးချင်းအနေနဲ့ သူကသာ ဝင်‌ရောက်စွက်ဖက်နိုင်တယ်၊ နိုင်ခွင့်ရှိတယ်လို့ တရုတ်က အစဥ်တစိုက် ယုံကြည်ခဲ့တယ်။ ဒါကြောင့် တရုတ်က မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင်ထွက်လာပြီး မင်းအောင်လှိုင်ရဲ့ အဆိုပြုချက်အသစ် ၅ချက် (ဘာဆိုတာထုတ်မပြောထားဘူး) နဲ့ အာဆီယံဘုံ သဘောတူညီချက် (၅) ချက်ကို ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက မင်းအောင်လှိုင်၊ ဗိုလ်သန်းရွှေတို့နဲ့ တွေ့ပြီးထွက်ရပ်လာတယ်။

တရုတ်က သူ့နောက်မှာ ပေါ်ပေါ်ထင်ထင်ရပ်ပြပြီးတာနဲ့ မင်းအောင်လှိုင်က အချိန်မဆိုင်းဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပါလို့ နိုင်ငံရေးစကား ပြောလာတယ်။ ဒါတွေကို ခြုံကြည့်ရင် ကုလက ချပြထားတဲ့အချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် “စစ်တပ်က ပထမခြေလှမ်းကို လှမ်းရမယ်” ဆိုတာကို တရုတ်က သူ့နောက်မှာ ရပ်ပြလိုက်တာနဲ့ စစ်ကောင်စီက လှမ်းလိုက်တာဖြစ်တယ်။ အဲဒါက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ သူတို့ တုံ့ပြန်တာက အချိန်ကိုက်တုံ့ပြန်တာဖြစ်ပြီး ဒီလိုသူတို့က နိုင်ငံရေးကွင်းထဲကနေ ကစားလာတာကို ကိုယ့်ဖက်က နိုင်ငံရေးအရ ပြန်ပြီး ဖွင့်ကစားနိုင်ရမယ်လို့ မြင်တယ်၊ သူတို့က ဖွင့်ကစားတာကို ကိုယ်ကပိတ်ထားမယ် နောက်ပြီး မဆွေး‌နွေးဘူး၊ စစ်တပ် နိုင်ငံရေးကနေ ထွက်ရမယ်၊ အပြစ်တွေကို ခံရမယ် စတာတွေက ဒဲ့ဒိုးကြီးဖြစ်နေတယ်။ အဖြေမဟုတ်ဘူး လက်တွေ့အကျပ်အတည်းကို ကျော်လွှားစေတဲ့ တုံ့ပြန်ချက်မဟုတ်ဘူး တင်းမာလွန်းတယ်လို့ နိုင်ငံတကာက မြင်နိုင်တယ် ကိုယ့်တုံ့ပြန်ချက်က ချောမွေ့ပြီး နိုင်ငံတကာက သမာသမတ်ကျတယ်၊ ပျော့ပြောင်းတယ်လို့ မြင်အောင် တင်ပြနိုင်ရမယ်၊ အလျော့ပေးတာမျိုးလည်းမဟုတ် တင်းတင်းမာမာလည်းမဟုတ် နိုင်ငံတကာက ကိုယ်တင်ပြတာကို ဟုတ်တယ် မျှတတယ်လို့ မြင်လာအောင် ကစားနိုင်ရမယ်၊ဆွဲဆောင်နိုင်ရမယ်၊ ဒါမှကိုယ်ဖက်ကို ပါလာမယ်၊ ထောက်ခံလာမယ်၊ ကိုယ်ချပေးတဲ့ လမ်းကြောင်းကို လိုက်လာမယ်။ နိုင်ငံရေးမှာ ပရိယယ်ကြွယ်ဝဖို့ ကောက်ပင်ရိတ်လှီး စကားမျိုး‌ပြောတတ်ဖို့ လိုတယ်လို့ မြင်တယ်။

‌မြောက်ပိုင်း ညီနောင်တွေ လက်သံပြောင်ပြောင်နဲ့ လားရှိုးအထိသိမ်းလာတဲ့အခါ တရုတ်ကဝင်လာတယ် အမေရိကန်နဲ့နီးစပ်တဲ့ NUG အနိုင်ရသွားရင် သူ့နယ်စပ်မှာ အမေရိကန် လိုလားတဲ့ အစိုးရမျိုးတည်ရှိလာမှာ တရုတ်က မလိုလားဘူး၊ သူ့နိုင်ငံတည်ငြိမ်မှုကို ချိမ်းခြောက်လာနိုင်တယ်လို့ စိုးရိမ်မှုရှိတယ်။ တရုတ်က ထင်နေတာ မဟုတ်ဘူး မြင်နေတာ NUG ခေါင်းဆောင်းပိုင်းအများစုက အမေရိကန်နဲ့ဥရောပမှာ နေနေကြတာ သူတို့မျက်မြင် ဖြစ်သလို အမေရိကန်ကလည်း ထောက်ပံ့ကူညီထားတယ်။

ဒါကြောင့် တရုတ်က ကိုးကန့်နဲ့ တအောင်းကို ဇက်ကြိုးဆွဲဖို့ ကြိုးစားခဲ့ပေမဲ့ ကိုးကန့်နဲ့ တအောင်းက လက်မခံခဲ့ဘူး။ ဒါကြောင့် အင်အားကြီးပြီး သူ့စကားကို နားထောင်နေသေးတဲ့ “ ဝ” ကို ဖိအားပေးပြီး ဝကတဆင့် ကိုးကန့်နဲ့ တအောင်းကို တိုက်ခိုက်တာတွေရပ်ဖို့ လုပ်ဆောင်လာတယ်။

မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံများကထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို ၊ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ကြပြီး အရင်နဲ့ အခု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က လွန်ခဲ့တဲ့ မတ်လထဲမှာ အစိုးရပိုင်းအရာရှိတွေနဲ့ ပြင်ပပညာရှင်များ ပါတဲ့ Track 1.5 လျှို့ဝှက်ဆွေး‌နွေးပွဲ တစ်ခုကို ဘန်ကောက်မှာ ပထမအကြိမ် ကျင်းပခဲ့ပြီး ဧပြီလမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒုတိယအကြိမ် ကျင်းပခဲ့တယ်။

အာဆီယံက စစ်ကောင်စီအပေါ် ဖိအားမပေးနိုင်ခဲ့ဘူး။ ဖိအားပေးတယ်ဆိုတာ သဘောလောက်သာ ဖြစ်တယ်လို့ မြင်တယ်။ အာဆီယံက စစ်ကောင်စီ အပေါ် သြဇာ လွှမ်းမိုးနိုင်မှုကို မပြနိုင်ခဲ့ဘူးလို့ ဆိုရမယ်၊ အာဆီယံအဖွဲ့ဝင်တွေထဲမှာ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တို့က တပါတီစနစ်နဲ့ဟန်ပြဒီမိုကရေစီနိုင်ငံတွေဖြစ်ပြီး ထိုင်းနိုင်ငံက စစ်တပိုင်း ဒီမိုကရေစီ တပိုင်း အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်တယ် သူတို့အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ရှိနေတယ် ဒါကြောင့်ဒီနိုင်ငံတွေက စစ်ကောင်စီ အာဏာ ဆက်ရ နေစေရေးကို အားပေးတဲ့ ပုလင်းတူဗူးစို့ နိုင်ငံတွေဖြစ်တယ်။ အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပင်၊နဲ့ စင်္ကာပူတို့က စကစကို ဖိအားပေးတယ်။ အာစီယံရဲ့ မြန်မာနိုင်ငံစစ်ကောင်စီကို ဖိအားပေးတောင်းဆိုနေတဲ့ လမ်းပြမြေပုံ ၅ ချက်ကို ၃နှစ်အတွင်း ရှိလာတဲ့ အနေအထားမှာ ဘာအချက်အလက်တွေကိုမှ အကောင်အထည် ဖော်ဆောင်နေတာ မရှိတဲ့အပြင် အာဆီယံက ဒီလိုသူတို့ကို ဂတိပြုထားတာကို မလုပ်ဆောင်တဲ့ အတွက် အဆင့်နှိမ့်ချတဲ့ အနေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်ကို အာဆီယံမှာ တက်ရောက်ခွင့် ကိုပိတ်ခဲ့တယ်၊ ဒီလိုပိတ်တာကလွဲပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း လူရာသွင်းပြီး ဆွေးနွေး ညှိနှိုင်းတာ မလုပ်ဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီလာသွားပြီး မင်းအောင်လှိုင်ကို ရွေးကောက်ပွဲလုပ်ဖို့ တရုတ်က အကူအညီပေးမယ်ပြောပြီးတဲ့နောက် ထိုင်းကို ဆက်သွားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေးကို ပူးတွဲလုပ်ကြဖို့ လက်ဝါးရိုက်ခဲ့ကြတယ်၊ ထိုင်းကလည်း မြန်မာ့အရေးကို သိပ်လုပ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံရေးမှာလည်း စစ်တပ်က လွှမ်းမိုးထားလို့ မြန်မာနိုင်ငံမှာ စစ်အုပ်စုပြုတ်ကျရင် ပြည်သူထောက်ခံမှုရနေတဲ့ ထိုင်းလူငယ်ရှေ့သို့ချီပါတီက နိုင်ငံရေးသမားတွေနဲ့ မြန်မာဒီမိုကရေစီ အင်အားစုတို့ ပေါင်းမိပြီး ထိုင်းမှာလဲ စစ်တပ်က နိုင်ငံရေးမှာ ပါဝင် စွက်ဖက်နေတာ အဆုံးသတ်သွားမှာကို ထိုင်းစစ်ဗိုလ်ချုပ်တွေက စိုးရိမ်နေကြတယ် ဒါကြောင့် သူတို့က မြန်မာစစ်အုပ်စုကို ကျားကန်ပေးချင်တယ်၊ မင်းအောင်လှိုင်ကလဲ နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အချိန်ကိုက် ထုတ်လာတယ်၊ ဒါတွေကဟာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး အကွက်ချပြီး တရုတ်နဲ့ ပင်းပြီး ကစားလာတာဖြစ်တယ်။

တရုတ်ရဲ့စည်း (၃) စည်းဖြစ်တဲ့ ပြည်တွင်းစစ်မဖြစ်ရေး၊ အာဆီယံအဝန်းဝိုင်းကမထွက်ဖို့၊ ပြည်ပကဝင်ရောက် မစွက်ဖက်ရေး ဆိုတဲ့အရာတွေက ငါတို့သာဝင်ရောက်စွက်ဖက်မယ် အနောက်နိုင်ငံတွေ အဓိကအမေရိကန်မဝင်နဲ့ဆိုတာပဲ အခုနောက်ဆက်တွဲ ဒီလိုဂွင်ရိုက်တာကို မပေါ်အောင် MNDAA အဖွဲ့ဝင်တွေအနေနဲ့ အာဆီယံအပါအဝင် ဘယ်သတင်းမီဒီယာနဲ့မှ စကားမပြောရဘူးဆိုတဲ့ အမိန့် ထပ်ထုတ်ခိုင်းတယ်။

အဓိပ္ပါယ်က မြန်မာနိုင်ငံပြည်တွင်းစစ်ဖြစ်တာကိုရပ်ဖို့ စကစကိုတိုက်နေတဲ့ MNDAA ကပါ တရုတ်ကို စေ့စပ်ပေးဖို့ အကူအညီ တောင်းနေပါတယ်ဆိုတဲ့ပုံစံကိုထုတ်ပြလာတယ်။ ထိုင်းကလည်း မြန်မာ့အရေးမှာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းအနေနဲ့ အာဆီယံ ကိုယ်စား ဦးဆောင် ညှိနှိုင်း၊ ထိုင်းနောက်မှာတရုတ်ကနေပြီး စစ်ကောင်စီငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို အပြုသဘောဆောင်ပါတယ်ဆိုပြီး လော်ဘီလုပ်မဲဆွယ်ပေးဖို့ အခုအောက်တိုဘာလမှာ ပြင်လာတယ်၊ မင်းအောင်လှိုင်တို့က ဒီအကွက်ကို အမိအရဖမ်းပြီး သူတို့ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတာ လုပ်လာတာဖြစ်တယ်။

အစ္စရေးနဲ့ပါလက်စတိုင်း နှစ်နိုင်ငံယှဥ်တွဲ တည်ရှိမှုနဲ့ပဋိပက္ခကိုဖြေရှင်းပေးမယ့် (Two states solution) လို့ နိုင်ငံတကာက‌ ပြောနေပေမဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်မလာခဲ့ဘူး၊ အစ္စရေးက ပါလက်စတိုင်းတွေကို တဖြေဖြေးမောင်းထုတ်ပြီး နယ်မြေချဲ့ထွင် လာတာပဲ တွေ့ရတယ်၊ ဒီလိုပဲ အာဆီယံရဲ့ ဘုံသဘောတူညီချက်၅ချက်ကလည်း နိုင်ငံတကာက သဘောတူတယ်‌ ပြောပြီး ဘာမှဖြစ် မလာဘူး စစ်ကောင်စီကို အာဆီယံက အသိအမှတ်ပြုဖို့သာ ခြေလှမ်းပြင်လာတယ် ဒီမိုကရေစီအင်အားစုတွေကို အားမပေးဘူး။

မင်းအောင်လှိုင်က သန်းခေါင်းစာရင်းကောက်တာကို တရုတ်ကကူညီမယ်၊ ရွေးကောက်ပွဲနဲ့ အာဏာလွှဲပြောင်းပေးမယ်လို့ မင်းအောင်လှိုင်‌ ပြောတာကို ထောက်ခံဖို့ကိစ္စကို တရုတ်က ထောက်ခံအားပေးပြီး အာဆီယံကို ရှေ့မျက်နှာစာမှာ တင်ပြီးကစားမှာ ဖြစ်တယ်၊ တော်လှန်‌ရေး အုပ်စုတွေဖက်က NUG ၊ KNU တို့က ဘာရွေးချယ်နိုင်တဲ့ အခွင့်အရေး (option) ရှိတယ်ဆိုတာမပြောပဲ လက်မခံဘူးဆိုတဲ့ အပိတ်စကား တွေပြောနေခဲ့တယ်။ NUG နဲ့ ဖဒိုစောတော်နီးက စစ်တပ်ကနိုင်ငံရေးကထွက် ဆိုထားပေမဲ့ တရုတ်က စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိကနေရာရှိတယ်ဆိုပြီး ပြောထားတယ်။ ဒါကိုပေါ့ပေါ့တန်တန်သဘောထားလို့မရဘူး၊ အဓိကတိုင်း ၇တိုင်းက မြို့တော်ကြီးတွေ ဖြစ်တဲ့ မုံရွာမြို့၊ မန္တလေးမြို့၊ မကွေးမြို့၊ ရန်ကုန်မြို့၊ ပဲခူးမြို့၊ ပုသိမ်မြို့၊ ထားဝယ်မြို့ နဲ့ ပြည်နယ် ၇ပြည်နယ်က မြို့တော်တွေဖြစ်တဲ့ မော်လမြိုင်မြို့ ၊ ဖားအံ့မြို့၊ မြစ်ကြီးနားမြို့၊ ဟားခါးမြို့၊ လွိုင်ကော်မြို့၊ တောင်ကြီးမြို့၊ စစ်တွေမြို့ ဒီမြို့တော်ကြီးတွေအားလုံး စစ်ကောင်စီလက်ထဲမှာ ရှိနေသေးတယ် ဆိုတာမေ့ထားလို့မရဘူး၊ မြန်မာပြည်တွင်းရှိ လေယဥ်ကွင်းတွေ၊ ပင်လယ်သင်္ဘောဆိပ်တွေ အားလုံးကို စစ်အုပ်စုက စိုးမိုးထားတုံး။

ဒါကလက်ရှိ အရှိတရားပဲ ဖြစ်တယ်၊ ကိုယ့်ထက်အင်အားကောင်းတဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့ ကိုယ်တွေနောက်မှာ ပြည်သူတရပ်လုံး ရှိတယ် ဆိုတာလည်းဟုတ်တယ်၊ ဒီပြည်သူတွေက အင်တိုက်အားတိုက်ထောက်ခံနေတဲ့ တော်လှန်ရေးအဖွဲ့တွေ ညီညွတ်ပြီလား ညီညွတ်ရေး အတွက် ခေါင်းဆောင်အမည်ခံထားသူတွေက အင်အားကြီးတဲ့ စစ်အုပ်စုကို တိုက်ဖို့ တပ်ပေါင်းစုဖွဲ့နိုင်ပြီလား၊ စစ်အုပ်စုနောက်မှာ တရုတ်ရှိတယ်၊ ဗြောင်ရပ်တယ်။ စစ်အုပ်စုကိုတိုက်နေတဲ့ MNDAA ကို ပိတ်ဆို့ပြီး စစ်အုပ်စုကိုတိုက်တဲ့အတွက် ဒဏ်ခတ်မယ်ဆိုပြီး ရာဇသံပေးထားတယ်၊ တော်လှန်ရေးမှာ မရှိမဖြစ်တဲ့ လက်နက်ခဲယမ်းတွေကို မပေးရဘူး၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ သယ်ယူခွင့်တွေကို ပိတ်ရမယ် မပိတ်ရင် UWSA “ဝ”ကိုပါ ပိတ်ဆို့ အရေးယူမယ်ဆိုပြီး အကြပ်ကိုင်လာတယ်။

အနောက်အုပ်စုက ပါးစပ်ဖျားကနေ ထောက်ခံနေတယ်။ အာဆီယံကို ရှေ့ကတင်ပေးပြီး အာဆီယံလုပ်သမျှ ထောက်ခံပါတယ်ဆိုတယ် ပေါ်ထင်မရပ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အကျိုးစီးပွား ဘာမှ မရှိလို့။ ဒါ့အပြင် ဗမာတော်လှန်‌ရေး အင်အားစုတွေ မညီညွတ်လို့ အင်အားစုတွေ ကို NUG က မစုစည်းနိုင်သလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလည်း မိမိလူမျိုးရေး မိမိနယ်မြေချဲ့ထွင်ရေးကိုသာ ဇောင်းပေးနေပြီး ကချင်နဲ့ တအောင်း/ပလောင်တို့ နယ်မြေကိစ္စတွေ ပြဿနာတက်နေကြသလို AA နဲ့ CNF ပလက်ဝကိစ္စ အစာအကြေကြဘူး။ ချင်းတော်လှန်ရေးအဖွဲ့ ချင်းညီနောင် CDF နဲ့ CNF တို့လည်းမတည့်ကြဘူး။ တကယ်လို့ စစ်ကောင်စီ ပြုတ်ကျသွားရင်တောင် ဘယ်လိုထိန်းကြမလဲ။ အခုတောင် လက်နက်အင်အားကြီးတဲ့အဖွဲ့ ၊ အင်အားတောင့်တဲ့အဖွဲ့က လက်နက်မရှိတဲ့၊ အင်အားနည်းတဲ့အဖွဲ့တွေကို ဗိုလ်ကျ၊ NUG ရဲ့ ပသုံးလုံး ကလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေ (အားလုံးကို မဆိုလိုပါ)။

တရုတ်အပါအဝင် နိုင်ငံတကာကလဲ စစ်အုပ်စုလွန်ကာလအတွက် စိုးရိမ်စိတ်တွေရှိနေတယ်။ တရုတ်ကတိုင်းပြည်တသားတည်း ဖြစ်ရေးကိုအစဥ် ဦးစားပေးတယ်ပြောလာတာ ဒီအကြောင်းတွေပါတယ် အခုပန်ဝါကို ကေအိုင်အေနဲ့ ပီဒီအက်ဖ်တွေသိမ်းလိုက်တော့ တရုတ်နယ်စပ်မှာလူတွေ စစ်ရှောင်ဖို့ စုဝေးရောက်လာတယ် တရုတ်က နယ်စပ်ကိုဖွင့်မပေးဘဲ ပိတ်ထားတယ်။ သူ့နယ်ခြားမှာ ဂယက်ရိုက်လာတာအမှန်ပဲ ငြင်းလို့မရဘူး။

ဒီလိုအခြေအနေမှာ သွေးကြွေးမှာ ဆွေး‌နွေးစရာ မရှိဘူးဆိုတာ ပြောလို့ကောင်းပေမဲ့ စစ်အုပ်စုကို ကိုယ်က အပြုတ်တိုက်နိုင်ရင် ဘာမှပြောနေစရာမလိုဘူး၊ မြန်မာပြည် ငြိမ်းချမ်းရေးရဖို့နောက်ဆုံး ဆွေး‌နွေးပွဲတွေကနေတဆင့် ရွေးကောက်ပွဲလမ်းကြောင်း ကနေသွားဖို့ မင်းအောင်လှိုင်က ကစားလာမယ်၊ ဒါကိုကိုယ့်ဖက်ကဘယ်လိုဖျက်မလဲ? ကိုယ့်ဖက်ကအပြိုင် အဆိုပြုချက် ဘာကိုပေးမလဲ စဥ်းစား ရတော့မယ်။ အများအကြိုက် ပြည်သူနောက်မြီးဆွဲလုပ်နေရင် ခေါင်းဆောင်တွေတော့ဖြစ်မလာဘူး အညံ့စား တတိယ တန်းစား နောက်မြီးဆွဲနိုင်ငံရေးသမားတွေပဲဖြစ်လာမှာလို့မြင်တယ်။ ခေါင်းဆောင်ဆိုတာ ဖောက်ထွက်ရဲတဲ့သတ္တိ ရှိရမယ်။ မှန်တယ်ထင်တာကို လုပ်ရဲရမယ် မှားသွားရင်လဲ ခံရဲရမယ် ပြင်ရဲရမယ် ဒါမှခေါင်းဆောင်လို့ခေါ်တယ်။မှားမှာကြောက်လို့ ၊ ပြည်သူအကြိုက်ကို မလုပ်ပဲ ကိုယ်ကလုပ်သင့်တာကိုလုပ်လို့ ထောက်ခံမှုကျသွားမှာစိုးလို့မလုပ်ပဲနေရင် ဒါဟာပေါ်ပြူလာဖြစ်တဲ့ နောက်ကနေ လိုက်နေတာ ခေါင်းဆောင်နေတာ မဟုတ်ဘူး ဆိုတာခွဲခြားသိရမယ်။

စစ်ကောင်စီက ရွေးကောက်ပွဲနဲ့ သူတို့ထွက်ပေါက်ကို ရှာမယ်၊ ရွေးကောက်ပွဲကနေ အာဏာကို တဖက်လှည့်နဲ့ ပြန်ယူမယ်။ ဒါကို ရှင်းရှင်းကြီး မြင်နေရပြီဆိုတော့ ဒါကို ဘယ်လိုဖျက်မလဲဆိုရင် ကိုယ်မှာလည်း အဆိုပြုချက် ရှိရမယ်။

ဥပမာအားဖြင့် ပြောရမယ်ဆိုရင် –
၁။ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးချွင်းချက်မရှိလွှတ်ရေးက ပထမခြေလှမ်းဖြစ်ရမယ်။

၂။ ရွေးကောက်ပွဲ ကသာ စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ်ကိုသွားနိုင်တယ်ဆိုတာကိုလက်ခံတယ် ဒါပေမဲ့ စစ်ကောင်စီ ဦးစီးတဲ့ ရွေးကောက်ပွဲကိုလက်မခံဘူး အယုံအကြည်မရှိဘူး၊ စစ်တပ်က ဦးစီးကျင်းပပေးခဲ့တဲ့ ၁၉၆၂၊ ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲတွေရဲ့ သမိုင်းက သက်သေပြခဲ့ပြီးပြီ။ NLD အစိုးရ လုပ်ခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲကျမှ မဲမသမာမှုဆိုတာကို စစ်တပ်က ပြောလာတယ် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားပြီးလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ဘာကြောင့် မဲမသမာမှုလို့ မပြောခဲ့တာလဲ။ ဒါကြောင့် စစ်တပ်က လုပ်ပေးမဲ့ ရွေးကောက်ပွဲကို လုံးဝယုံကြည်မှု မရှိဘူး၊ တရားမျှတမယ်လို့လည်း မယုံကြည်ဘူး။

၃။ အာဆီယံနဲ့နိုင်ငံတကာက ရွေးကောက်ပွဲလမ်းကြောင်းကို အားပေးတယ်ဆိုရင် ကုလသမဂ္ဂနဲ့ အာဆီယံက ကြီးကြပ်ကြီးမှူးပြီး ကျင်းပပေးရင် လက်ခံမယ်။

၄။ ၂၀၀၈ ခြေဥအောက်ကနေ ရွေးကောက်ပွဲလုပ်တာကို လက်မခံဘူး၊ ၁၉၄၇ ခုခြေဥကို ယာယီထားပြီး ရွေးကောက်ပွဲ ကျင်းပတာကို လက်ခံမယ်၊ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဖက်ဒရယ်အခြေခံဥပဒေကို ရေးဆွဲမယ်။

၅။ စစ်တပ်က ရွေးကောက်ခံအစိုးရထံ သစ္စာခံရမယ် လို့ တင်ပြနိုင်ရမယ်။

ကိုယ့်အဆိုပြုချက်ကို တရားသေကိုင်ထားလို့ မရဘူးဆိုတာလည်း သိဖို့ လိုသေးတယ်။ ကြားက နိုင်ငံတကာ ပါဝင်ပတ်သက်သူတွေနဲ့ ညှိနှိုင်းနိုင်တဲ့ အရည်အချင်းလည်း ရှိဖို့လိုသေးတယ်။ အဲဒီ မိမိလိုလားချက်တွေကို နိုင်ငံရေးစာမျက်နှာမှာ တင်ပြရင်း တဖက်ကလည်း စစ်အနိုင်တိုက်နိုင်ရေးကိုလည်း ဇောက်ချလုပ်နေရမှာဖြစ်တယ်၊ ထို့အတူ တိုက်နေတဲ့ တော်လှန်ရေးသမားတွေ အချင်းချင်း ညှိနှိုင်းဆွေးနွေးပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ အဖွဲ့ကြီးငယ်မရွေး တဖွဲ့နဲ့တဖွဲ အပြန်အလှန်လေးစားမှု (Mutual respect) အသိအမှတ်ပြုမှု (recognition) နဲ့ ယုံကြည်မှု (Trust) ကိုတည်ဆောက်ပြီး ဗမာတပ်ပေါင်းစုကြီးပေါ်လာဖို့ အဲဒီကနေ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ဖက်ဒရယ်တပ်ပေါင်းစု ပေါ်လာဖို့၊ ရန်သူစစ်အုပ်စုကို မိမိတို့က အပေါ်စီးကနေ ဆွေးနွေးနိုင်အောင် အာဏာချိန်ခွင်လျှာ (Leverage power) ကို အစဥ်တစိုက် မြှင့်တင်ရင်း ကြားကာလ ဖက်ဒရယ် အခြေခံဥပဒေ ပေါ်လာဖို့ မိမိကိုယ်ကျိုးအတ္တတွေကို စွန့်ပြီး ဆက်ကြိုးစားကြဖို့လိုပါတယ်။ တဖက်မှာလည်း နိုင်ငံရေးပြဿနာကို မိမိတို့က ဖြေရှင်းဖို့လမ်းကြောင်းလည်း ရှိပါတယ်ဆိုတာကို ချပြထားရမယ်။

အချိန်က လူကိုမစောင့်ဘူး ဆိုတာကို သတိပေးရင်း …………………။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အာရှ

တရုတ်အတွေးနဲ့ မြန်မာ့အရေး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 22 Views
တရုတ်အတွေးနဲ့ မြန်မာ့အရေး ဒီအပတ် ခေတ်မျက်လုံးရဲ့ ဆွေးနွေးပွဲမှာ ဦးထွန်းအောင်ကျော်၊ ဦးထွန်းကြည်တို့နဲ့အတူ မြေပြင်က ရဲဘော်ကပြားက အားဖြည့်ပြီး ပါဝင်ဆွေးနွေးထားပါတယ်။ လက်ရှိမြေပြင်မှာ
နိုင်ငံတကာသတင်း အာရှ ဥရောပ

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီပြော။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 13 Views
အောက်တို ဘာလ (၁၉) ရက်။ မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်သား ၁,၅၀၀ စေလွှတ်လေ့ကျင့်ရန် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက
နိုင်ငံတကာသတင်း အာရှ

ကြေးနီဝါယာကြိုး ခိုးယူမှုဖြင့် ထိုင်းနိုင်ငံသားလေးဦးကို ဖမ်းဆီး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 27 Views
အောက်တိုဘာလ (၁၈) ရက်၊ တိုကျို။ တိုကျို၊ ဟီနိုဒေ့မြို့ရှိ ဆိုလာစွမ်းအင်ထုတ်လုပ်သည့်စက်ရုံမှ မီတာ ၈၄၀ ခန့်ရှိသော ကြေးနီကေဘယ်ကြိုးကို ခိုးယူမှုဖြင့် ထိုင်းလူမျိုး သူခိုးအုပ်စုလေးဦးကို ဂျပန်ရဲများက ဖမ်းဆီးခဲ့သည်။ မြို့တော်ရဲဌာနသည် တိုကျိုနှင့် စီရင်စု ၇
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဟားမတ်စ်ခေါင်းဆောင် ယာဟယာဆင်ဝါရဲ့ နောက်ဆုံးအချိန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 19 Views
ယာဟယာဆင်ဝါကို အစ္စရေးတို့က အခုလို သတ်ဖြတ်နိုင်ခဲ့တာဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေရလို့ အသေအချာ စစ်ဆင်ရေးလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့တာ မဟုတ်ဘဲ ဂါဇာတောင်ပိုင်းက ရာဖာမှာ အစ္စရေးတပ်ဖွဲ့နဲ့ မတော်တဆ တွေ့ဆုံစဉ်အတွင်း အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ရာဖာမှ ကင်းလှည့်နေတဲ့
နိုင်ငံတကာသတင်း အာရှ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အတွက် အိန္ဒိယ၀န်ကြီးသည် ပါကစ္စတန်သို့ ရှားရှားပါးပါးလာရောက်လည်ပတ်ခဲ့သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 21 Views
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘာရာမန်ရမ် ဂျန်ရှင်ကာ (Subrahmanyam Jaishankar) သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိုးရအစည်းအဝေး ကိုတက်ရောက်ရန် အတွက် အင်္ဂါနေ့တွင် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပါကစ္စတန် အစိုးရက မြို့တော်ကို တင်းတင်းကျပ်ကျပ်
မြန်မာသတင်း အာရှ

ကန်ဒေါ်လာ (၂)သိန်းခွဲတန်ဖိုးရှိ စီမံချက် (၅)ခု အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့ လက်မှတ်ရေးထိုး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 31 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့အကြား စိုက်ပျိုးရေးကဏ္ဍနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာအပါအဝင် နားလည်မှုစာချွန်လွှာ (၅)ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစီမံချက်တွေဟာ စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့နဲ့ တောင်သူလယ်သမားတွေအတွက် အခြောက်ခံစက်ထားဖို့ အဆောက်အဦစီမံချက်၊ အဆင့်မြင့်
နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်တဝိုက် အကြီးစားစစ်ရေးလေ့ကျင့်များ တရုတ်ပြုလုပ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 20 Views
အောက်တိုဘာလ (၁၄) ရက်။ ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့တွင် တရုတ်စစ်တပ်သည် လေယာဉ်တင်သင်္ဘောကို တပ်ဖြန့်ပြီး ထိုင်ဝမ်တစ်ဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တိုက်လေယာဉ်များ စုစုပေါင်း ၁၂၅ စင်း ပါဝင်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေး
ဆောင်းပါးများ မြန်မာသတင်း

တရုတ်က ဘာကြောင့် စစ်တပ်ဖက်ကို လုံးဝရပ်ပြလိုက်တာလဲ?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 28 Views
စစ်အာဏာသိမ်းတဲ့အခါ ပထမဦးဆုံး တရုတ်က စစ်တပ်ကို ထောက်ခံကြောင်းမပြခဲ့ဘူး။ သူတို့နိုင်ငံကို ထိခိုက်နေတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေကို သူတို့က နှိမ်နှင်း ချင်နေတယ်။ ဒါပေမဲ့ ဒီကျားဖြန့်ဂိုဏ်းတွေက ယူနန်နယ်နဲ့ထိစပ်နေတဲ့ ကိုးကန့်နဲ့ “ ဝ” နယ်တွေအပြင် ကရင်ပြည်နယ် ရွှေကုက္ကိုလိုနေရာတွေမှာ