နိုဝင်ဘာလ (၂၃)ရက်။
စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းထောင်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးဟာ အမျိုးသား (၁၀၀)ဦးနဲ့ အမျိုးသမီး (၈)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၂၀)ရက်နေ့က အိုးဘိုအကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးစိန်လင်း(ခ)အငယ်လေးဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းတုန်းကလဲ NLD အစိုးရရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခဲ့သလို နိုဝင်ဘာလ (၈)ရက်နေ့က လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ဆေးကုသနေရင်း သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ထောင်ထဲ ဆေးဝါးလုံလောက်စွာမရရှိဘဲ သေဆုံးရတဲ့ ဖြစ်စဉ်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် အသက်အရွယ်ကြီးရင့်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ပြောဆိုထားကြပါတယ်။
စစ်တပ်ရဲ့ မတရားအာဏာလုယူတဲ့ ဖြစ်စဉ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ (၂၇၀၀၀)ကျော်ရှိကာ အခုအခါ (၂၁၀၀၀)ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။