နိုဝင်ဘာလ (၂၄)ရက်။
နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲက (၃)နာရီလောက်ကြာပြီး စကစဘက်က (၁၅)ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေက တော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ တိုက်ခိုက်ခဲ့ရာ (၃)နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၅)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားတယ်။
တိုက်ပွဲဖြစ်ပွားရာကို စစ်ကောင်စီဘက်က ပရိုဘောက်ကားနဲ့ လက်ပံတန်းမြို့မရဲစခန်းကနေ စစ်ကူအင်အား (၇)ဦး ပို့ဆောင်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၅)ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီဟာ မှော်ဘီတပ်က ဖောကား (၃)စီးနဲ့ (၃၅)တပ်ရင်းက ခြေလျင် စစ်ကူစစ်ကြောင်းတွေနဲ့ အင်အားဖြည့်ခဲ့ရာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် (၈)နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံဘေးကင်းရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ဆင်ရေးကို သာယာဝတီဂဋ္ဌုန်တပ်ဖွဲ့နဲ့အတူ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၃)နဲ့ တပ်ရင်း(၃၈၀၃)တို့ ပူးပေါင်းပါဝင်ခဲ့ကာ တိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ရဲဘော် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီရဲကင်းစခန်းဟာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ဆက်ကြေးကောက်တာနဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ အဆက်မပြတ်ကျူးလွန်နေတဲ့ ရဲကင်းစခန်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပြီးလမ်းတလျှောက် တွေ့ရာပစ်သတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ကျူးလွန်နေတယ်လို့ သိရပါတယ်။