ဒီဇင်ဘာလ (၉)ရက်။
ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုပြီး သတင်းရေးသားနေကြတာတွေဟာ မဟုတ်မမှန်တဲ့ ကောလာဟလသတင်းတွေလို့ UWSA က ဒီဇင်ဘာလ (၇)ရက်နေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။
ထိုင်းဘက်က “ ဝ” တပ်စခန်း (၉)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့ နောက်ဆုံးထားဖယ်ပေးဖို့ ပြောဆိုထားပြီး “ ဝ” တပ်ဘက်က ငြင်းဆိုထားကာ အင်အားတိုးချဲ့တာတွေကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေက ဖော်ပြထားကြတာပါ။
အခုလို ထိုင်းစစ်တပ်နဲ့ “ ဝ” တပ်တို့အကြား စစ်ရေးတင်းမာတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ မဟုတ်မမှန် ရေးသားခဲ့ကြတာကြောင့် လူထုအကြား မလိုလားအပ်တဲ့ စိုးရိမ်ပူပန်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ ဝ” တပ်ဟာ ထိုင်းစစ်တပ်ရဲ့ ရန်သူမဟုတ်သလို တိုက်ပွဲဖြစ်ပွားမယ့် စစ်ရေးသတင်းတွေ ရေးသားတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားကာ သတင်းအမှားတွေကို သေချာစိစစ်ပြီးမှ ယုံကြည်ကြဖို့ ဖော်ပြထားပါတယ်။
အခုအခါ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြား ငြိမ်းချမ်းရေးကိုသာ လိုလားပြီး ငြိမ်းချမ်းရေးကသာ အဓိကလမ်းကြောင်းဖြစ်တယ်လို့ ရေးသားထားပါတယ်။
ထိုင်းက “ ဝ” ဒေသ (၁၇၁)ဧရိယာထဲရှိ တပ်စခန်း (၉)ခုကနေ UWSA ကို ဖယ်ရှားခိုင်းထားပြီး မြေပြင်မှာ အင်အားတိုးချဲ့ချထားပေမယ့် “ ဝ” တပ်ဘက်ကတော့ ပုံမှန်အခြေအနေတိုင်းသာရှိနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုအခြေအနေဟာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့အထိ အန္တရာယ်ရှိတဲ့ အခြေအနေမဟုတ်ဘဲ သံတမန်နည်းနဲ့သာ ဆွေးနွေးပြောဆိုသွားမယ်လို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။