ဒီဇင်ဘာလ (၂၅)ရက်။
ဒီဇင်ဘာလ (၂၀)ရက်နေ့က အုတ်ဖိုမြို့နယ်ထဲရှိ ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် ရောင်းချတာတွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အုတ်ဖိုမြို့နယ်ထဲရှိ ဈေးဆိုင်တွေကို ရှာဖွေခဲ့ရာ အကြမ်းဖက်စစ်တပ်ထုတ် အရက်၊ ဘီယာတွေ တွေ့ရှိရပြီး အရေးယူဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဈေးဆိုင်တွေကို ဝင်ရောက်ရှာဖွေတာကို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက ပြုလုပ်ခဲ့ကာ စစ်တပ်ထုတ်ကုန်တွေ အသုံးမပြုဖို့ သတိပေးခဲ့ပါတယ်။
တပ်ဖွဲ့အနေနဲ့ ဆက်လက်ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ အမျိုးမျိုးဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ငွေရစေတဲ့ စစ်တပ်ထုတ်ကုန်ရောင်းချတဲ့ဆိုင်တွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန် အသုံးမပြုကြဖို့ကိုလဲ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။