ဒီဇင်ဘာလ (၂၅)ရက်။
ဧရာဝတီတိုင်း ကျုံပျော်ခရိုင်ရှိ မြို့နယ်တွေက ဌာနဆိုင်ရာတွေမှာ စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်ငယ်တွေတပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ မြို့နယ်တွေမှာရှိတဲ့ ဌာနတွေကို စကစက ဌာနတစ်ခုကို ဝန်ထမ်း(၅)ဦး စာရင်းတောင်းပြီး စစ်ရေးပြသင်တန်းတက်ဖူးတဲ့သူ ဦးစားပေးထည့်ဖို့၊ ကိုယ့်ရုံး ကိုယ့်ဌာန ကိုယ့်ဟာကို ကာကွယ်ဖို့ မွမ်းမံသင်တန်းနဲ့ လက်နက်ငယ်ပစ်ခတ်နည်းသင်းတန်းပေးဖို့ လုပ်နေတာ။ သင်တန်းပြီးရင် လက်နက်ငယ် တပ်ဆင်ပေးမယ်ဆိုပြီး ဖိအားပေး စာရင်းတောင်းနေတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မြို့နယ်တွေရှိ ဌာနဆိုင်ရာတွေကို ကိုယ့်ရုံးကို ကာကွယ်ဖို့အတွက်ဆိုပြီး မွန်းမံသင်တန်းနဲ့ လက်နက်ငယ်ပစ်သင်တန်းပေးဖို့ လုပ်နေပြီး သင်တန်းပြီးရင် လက်နက်ငယ်တွေပေးသွားဖို့ စာရင်းကောက်နေတာလို့ သိရပါတယ်။
နောက်ပြီး ငါးသိုင်းချောင်းနဲ့ ဂွမြို့လမ်းမှာရှိတဲ့ အင်အားနည်းနေတဲ့စခန်းတွေကို လုံခြုံရေးအတွက် ခရိုင်ထဲက ရဲအင်အားတွေ ထုတ်နုတ်ပြီး ဆက်တိုက်လွှတ်ပေးနေရသလို ရခိုင်ကနေ နောက်ဆုတ်လာတဲ့ ရဲတွေကို ဦးစားပေးပြန်ပို့နေတယ်လို့ ဆိုပါတယ်။
ဒီလိုပြန်ပို့တာမှာ ရခိုင်ဘက်မသွားရဖို့ နယ်မြေခံရဲတွေက စခန်းမှူးတွေကို ငွေထိုးပြီး ဖန်ငွေရှာပေးနေကြရကာ ပုသိမ်-မုံရွာလမ်းပိုင်းက လှည်းဆိပ်စခန်းမှူး မြင့်လွင် ၊ အသုတ်စခန်းမှူး ဝင်းအောင်၊ ရေကြည်မြို့နယ်မှူး အောင်ကိုကို၊ ငါးသိုင်းချောင်းစခန်းမှူး တင်လင်းထွဠ်တို့က ငွေယူပြီး နယ်မြေခံရဲတွေနဲ့ အင်အားတိုးချထားတဲ့ ရဲတွေကို ခွဲခြားဆက်ဆံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျုံပျော်ခရိုင်ထဲကို ဒုတိုင်းမှူးရဲလင်းအောင် ဗျူဟာဆင်းထိုင်နေသလို တစ်ပါတ်တစ်ကြိမ် ရေကြည်ဘက်ဆင်းကာ မနေ့ညပိုင်းက ရေကြည်မြို့ပေါ် ဒရုန်းတွေနဲ့ ပျံဝဲကင်းထောက်နေတာတွေ ရှိခဲ့ပါတယ်။
အလားတူ ခလရ (၃၆)မှာ ပြည်သူ့စစ်နဲ့ လုံခြုံရေးအဖွဲ့တို့က နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ လူခွဲပြီး တစ်နေ့ကို (၁၀)ဦးခန့် သွားရောက် လုံခြုံရေးယူပေးနေရတယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။