မေလ (၁)ရက်။
ပြည်ပကို သွားရောက်လုပ်ကိုင်တာတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးနေတဲ့အတွက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ အလုပ်သမားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။
သဝဏ်လွှာထဲ စစ်ခေါင်းဆောင်က တိုင်းနဲ့ပြည်နယ်အချို့မှာ Job Fair တွေ ကျင်းပပြီး One Stop service နဲ့ အလုပ်ခန့်နိုင်အောင် အလုပ်ရှင်တွေနဲ့ ပူးပေါင်းစီစဉ်ပေးတာ၊နဲ့ ထိရောက်တဲ့ အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် Labour Exchange Management System ရေးဆွဲပြီး website လွှင့်တင်ပေးထားတယ်လို့ ဆိုပါတယ်။
နောက်ပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေကနေ သူတို့ရဲ့မိသားစုဆီ လွှဲပို့ငွေတွေ လွှဲပို့တာနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်တာကို အထောက်အကူပြုနိုင်ဖို့ ပြည်ပနိုင်ငံတွေကို စေလွှတ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဦးတည်ချက် (၉)ရပ်ကို အကောင်အထည်ဖော်နေကာ အလုပ်သမားအခန်းကဏ္ဍက ကြီးမားစွာ ပါဝင်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါသေးတယ်။
ဒါ့ကြောင့် နိုင်ငံနဲ့ ပြည်သူ အကျိုးစီးပွားအတွက် အလုပ်သမားကြီးတွေက ကိုယ်အားဉာဏ်အားရှိသမျှ လက်တွဲကြိုးပမ်းအားထုတ်ဖို့ဆိုပြီး ထည့်သွင်းတိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံထဲ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာအပြင် စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းတာတွေကြောင့် လူငယ်တွေဟာ ပြည်ပကို သွားရောက်လုပ်ကိုင်တာတွေ များပြားလာတယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။
