မေလ (၁၉)ရက်။
စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့ မဟာမိတ်တွေဖြစ်တဲ့ MKCDF၊ ACPLF နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့က မနေ့က ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်ခဲ့ရာ (၈)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုပစ်ခတ်ခဲ့ရာ စစ်ကောင်စီရဲ့ လေတပ်ထဲက ဒရုန်းဂိုဒေါင် မီးလောင်ပျက်စီးခဲ့သလို ဂျက်ဖိုက်တာ (၂)စီးနဲ့ Y-8 တစ်စီး ထိခိုက်ပျက်စီးခဲ့ကာ လေတပ်ထဲ ပစ္စည်းသယ်ပို့တဲ့ ယာဉ်အချို့နဲ့ လေတပ်စစ်သည်တွေ နားနေဆောင် (၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့ လေတပ်အရာရှိ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ (၂)ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ (၂)ဦးနဲ့ လေအုပ်အပါအဝင် အခြားအဆင့် (၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လေယာဉ်အပိုပစ္စည်းဂိုဒေါင် (၂)လုံး ပျက်စီးသွားကာ လေတပ်စစ်သည် (၁၂)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးရုံကို ပို့ဆောင်ထားကာ အခုရရှိတဲ့ သတင်းတွေဟာ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကတဆင့် စုံစမ်းသိရှိရတာလို့ BWM က ပြောဆိုထားပါတယ်။
တောင်ငူလေတပ်စခန်းဟာ စစ်ရှုံးစစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အရေးပါတဲ့ လေတပ်ဒေါက်တိုင်တခုအနေနဲ့ ထမ်းဆောင်နေတဲ့အပြင် တောင်ပိုင်းတော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်ရေးလှုပ်ရှားတာတွေကို လေကြောင်းကနေ တရစပ် ဗုံးကြဲတာမှာ အဓိကပါဝင်နေတဲ့ လေတပ်စခန်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။
