ဇူလိုင်လ (၁၄)ရက်။
မနေ့က ည (၁၀)နာရီခွဲအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ည (၁၀)နာရီခွဲအချိန် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပန်းမထိပ်အနီးကို ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချသွားတာ။ ကလေးတွေအပါအဝင် (၆)ဦး ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၂)ဦးအပြင် အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် (၆)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ (၂၉)ရက်နေ့ကစပြီး ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ သီပေါမြို့တို့ကို လေကြောင်းနဲ့ (၉)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲ ပြည်သူ (၇)ဦးအထိ သေဆုံးခဲ့သလို (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅၂)လုံး၊ စာသင်ကျောင်း (၁)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၄)ကျောင်း ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့အပါအဝင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

