Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက်
ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ များလာရင် အလုပ်မပြီးတာတင် မဟုတ်ဘဲ ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
မြန်မာဗုဒ္ဓဘာသာဝင်တွေကတော့ ဂီတနဲ့ ဗုဒ္ဓဘာသာကို ခွဲခြားတတ်ကြပါတယ်။ စာရေးသူအနေနဲ့ကတော့ တိဗက်ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတွေမှာ စိတ်ငြိမ်အောင် အသုံးပြုတဲ့ ဂီတနဲ့ တရားထိုင်နည်းတွေကိုလည်း ပြုလုပ်နေတဲ့အတွက် Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ပြုလုပ်တဲ့အခါ ဂီတသံတွေပါဝင်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေလည်း လုပ်ကြည့်ဖို့လည်း တိုက်တွန်းလိုပါတယ်။
စာရေးသူဟာ မိဘနှစ်ပါးထက် မိခင်ဘက်က အဖိုးနဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အဖိုးရဲ့ ကြီးမားတဲ့မေတ္တာတရားရဲ့ အောက်မှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ အဖိုးနဲ့အတူ အသက် ၅ နှစ်အရွယ်လောက်ကတည်းက တရားထိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၅ နှစ်အရွယ်လောက်မှာ အဖိုးနဲ့အတူ ရန်ကုန် ကန်တော်ကြီးနားက မိုးကုတ်ဝိပဿနာတရားရိပ်သာမှာ တရားထိုင်တဲ့အခါ မိုးကုတ်ဝိပဿနာတရားရိပ်သာက တရားပြ ဆရာတော်တစ်ပါး ပြောခဲ့တဲ့စကားကို အခုထိ မှတ်မိနေပါသေးတယ်။ ဒီမှာ တရားလာထိုင်တဲ့သူတွေက တရားထွက်တာနဲ့ နောက်နေ့မှာ ဒီကတရားတွေ အကုန်မေ့သွားကြတာပဲ။ ဘယ်သူမှ တရားမမှတ်ကြတော့ဘူး။ ဒီမှာ တကူးတက တပတ်လောက် တရားလာထိုင်ပြီး တရားထွက်တဲ့ နောက်နေ့မှာ အားလုံးမေ့သွားတာထက်စာရင် နေ့စဉ်လူမှုဘဝထဲမှာ သတိကပ်ပြီး နေထိုင်တတ်မယ်ဆိုရင် စဉ်ဆက်မပြတ် လေ့ကျင့်သလိုပါပဲလို့ ပြောခဲ့ဖူးပါတယ်။
ဒီနေရာမှာ တခုပြောလိုတာက စာရေးသူဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ဗုဒ္ဓဘာသာကို ကိုးကွယ်သလို အိမ်မှာ ဗုဒ္ဓရုပ်ထုတွေထားပြီး မကိုးကွယ်ပါဘူး။ အိမ်မှာ ဘုရားခန်းလည်း မရှိသလို ရုပ်ထုတွေလည်း မရှိပါဘူး။ ဗုဒ္ဓနဲ့ ကျင့်စဉ်တွေကိုသာ ကျင့်တဲ့သူတဦးဖြစ်ပြီး တိဗက်ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာတွေရဲ့ ကျင့်စဉ်တွေကိုလည်း စိတ်ဝင်စားပြီး အဲ့ဒီ ကျင့်စဉ်တွေကို လေ့လာလိုက်စားတဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဒီနေရာမှာ ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုးတွေကို တရားပြနေတဲ့ သီရိလင်္ကာနိုင်ငံက ဆရာတော် Alubomulle Sumanasara ရေးသားထားတဲ့စာအုပ်တအုပ်ထဲမှာ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကို ပြောပြထားတာကတော့ လူတိုင်းဟာ အမြဲတမ်း တွေးနေကြတယ်။ တရားထိုင်နေတဲ့အချိန်လည်း စိတ်တွေက ဟိုရောက် ဒီရောက်ဖြစ်တက်တာ သဘာဝပဲဖြစ်တယ်။ အဲ့ဒီလို အခြေအနေတိုင်းမှာ သတိပြန်ကပ်ဖို့ရာ ကိုယ်တွေးလိုက်တာကို သတိပြုလိုက်မိတိုင်း “တွေးနေပြီ တွေးနေပြီ တွေးနေပြီ” သုံးခေါက်ရွတ်ပြီး မှတ်သားဖို့ တိုက်တွန်းထားပါတယ်။
ဇင်ဗုဒ္ဓဘာသာမှာတော့ အခြေအနေတိုင်းမှာ သတိကပ်ဖို့အတွက် အစာစားရင်လည်း အစာစားနေပြီ။ ရေနွေးသောက်ရင်လည်း ရေနွေးခွက်ကို ကိုင်လိုက်ပြီ ယူလိုက်ပြီ အစပြုပြီး လုပ်ဆောင်မှုတိုင်းကို သတိပြုပြီး လိုက်မှတ်နေဖို့ တိုက်တွန်းထားပါတယ်။
Forbes ဂျပန် ဝက်ဆိုက်မှာ “Mindfulness Mediation – သတိကပ်တဲ့တရားထိုင်နည်းနဲ့ပတ်သက်ပြီး Mark Travers ရဲ့ ဆောင်းပါးကို ဖတ်ကြည့်တော့ ဗုဒ္ဓဂေါတမကို ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံကလူတွေနဲ့လည်း ကိုက်ညီနေပြီး နိုင်ငံတကာမှာ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်တွေအပေါ် သိပ္ပံနည်းကျ လေ့လာပြီး စိတ်ဖိစီးမှုတွေကို “Mindfulness Mediation – သတိကပ်တဲ့တရားထိုင်နည်းနဲ့ ဘယ်လို ကျင့်နိုင်တယ်ဆိုတာကို ရေးသားထားတဲ့အတွက် ဘာသာပြန်ပေးလိုက်ပါတယ်။
+++++++++++++++++++++
သင့်စိတ်သည် အမြဲတစေ ပျံ့လွင့်နေပြီး အာရုံစိုက်လေလေ စိတ်ဖိစီးမှု တိုးလာလေလေ ဖြစ်သည့် အတွေ့အကြုံမျိုး ရှိဖူးမယ် ထင်ပါတယ်။ အဲ့ဒီလို ရှိဖူးခဲ့ရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
ဒီနေ့ခေတ်မှာ လူတွေဟာ အာရုံစိုက်ဖို့ ခက်ခဲနေတတ်ကြပါ။ အာရုံစူးစိုက်မှု ပြန်လည်ရရှိဖို့ ကြိုးစားတဲ့အခါမှာ အကြီးမားဆုံး ပြဿနာကတော့ အာရုံစူးစိုက်မှု တိုးမြှင့်ဖို့လုပ်တဲ့ လုပ်ဆောင်မှုအများစုဟာ တစ်ခါတစ်ရံ စိတ်ဖိစီးမှုကို ပိုမိုမြင့်တက်စေပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတာပါပဲ။
၂၀၁၉ ခုနှစ်တွင် ‘Nature Communications’ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုက ဒီနေ့ခေတ် သတင်းအချက်အလက်တွေကို ထုတ်လုပ်ပုံနဲ့ သုံးစွဲပုံတို့ဟာ ဒီပြဿနာကို ပိုမိုဆိုးရွားလာစေဖို့ များစွာ အထောက်အကူပြုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
မကြာခဏဆိုသလို ဖုန်းထဲကို ရောက်ရှိလာတဲ့ သတင်းအချက်အလက်အသစ် သတိပေးချက်တွေနဲ့ ဆိုရှယ်မီဒီယာတွေက အချိန်နဲ့တပြေးညီ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုချက်တွေကို လှုံ့ဆော်ပေးတာတွေကြောင့် ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုကို ပြန့်ကျဲသွားစေပြီး ကြာရှည်စွာ ထိန်းထားနိုင်ခြင်း မရှိတော့ပါဘူး။
ခေတ်စားနေတဲ့ အကြောင်းအရာတွေ အလွန်လျင်မြန်စွာ ပေါ်ပေါက်လာပြီး ပျောက်ကွယ်သွားတာဟာ ပုံမှန်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကန့်သတ်ထားတဲ့ အာရုံစူးစိုက်မှုဟာ တစ်ပြိုင်နက်တည်း ဦးတည်ရာများစွာကို ရောက်ရှိသွားတာကြောင့် အာရုံစူးစိုက်မှုအချိန် တိုတောင်းလာပါတယ်။
ဒီလို တိုးတက်စေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ကတော့ “Mindfulness Mediation – သတိကပ်တဲ့တရားထိုင်နည်း” ဖြစ်ပါတယ်။
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကို ဗုဒ္ဓဂေါတမရဲ့ တရားထိုင်နည်းကို အခြေခံထားပြီး “ပစ္စုပ္ပန်မှာ အသိစိတ်ထားရှိခြင်း” အလေ့အကျင့်ကို ရည်ညွှန်းပါတယ်။ အချိန်နဲ့အမျှဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေနဲ့ စိတ်ခံစားမှုတွေကို သတိပြုမိခြင်းအပေါ် အခြေခံထားပြီး အဲ့ဒါတွေကို အကဲဖြတ်တာ ဆုံးဖြတ်တာမျိုး မပြုလုပ်ဘဲ “သတိပြုကြည့်ရှုခြင်း” သာ ပြုလုပ်တဲ့အလေ့အကျင့် ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ကနေ သုတေသနပြုချက်တစ်ရပ်မှာ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) က အာရုံစူးစိုက်မှုနဲ့ ခန္ဓာကိုယ်ရဲ့ နိုးကြားမှု (Physical Awareness) နှစ်ခုလုံးကို ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို လေ့လာခဲ့ပါတယ်။ သုတေသနအဖွဲ့ဟာ ဦးနှောက်လှိုင်းတွေကို အသုံးပြုပြီ alpha (အယ်လ်ဖာ) ဦးနှောက်လှိုင်း လှုပ်ရှားမှု အပြောင်းအလဲတွေကို တိုင်းတာခဲ့ပြီး နိုးကြားမှုညွှန်းကိန်းအဖြစ် အရေပြားလျှပ်ကူးနိုင်မှုအဆင့် (SCL) ကို တိုင်းတာခဲ့ပါတယ်။
အဲ့ဒီသုတေသနမှာ ပါဝင်သူတွေကို Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်တွေကို ပြုလုပ်စေပြီး Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) နဲ့ ငြိမ်သက်အနားယူချိန်တို့ကို နှိုင်းယှဉ်ခဲ့ပါတယ်။ ပုံမှန်တရားကျင့်တာဟာ အချိန်ကြာလာတာနဲ့အမျှ တိုင်းတာမှုတွေမှာ ကွဲပြားမှု ရှိမရှိကိုလည်း လေ့လာခဲ့ပါတယ်။
ဒီလို ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ရဲ့ အာနိသင်ဟာ အာရုံစူးစိုက်မှု ဖြစ်စဉ်ကြောင့် ဖြစ်လာသလား ဒါမှမဟုတ် နိုးကြားမှုအပြောင်းအလဲကြောင့် ဖြစ်တာလားဆိုတာကို အာရုံကြောဆိုင်ရာနဲ့ ဇီဝကမ္မဆိုင်ရာ အမှတ်အသားတွေကို ပေါင်းစပ်ပြီး သိရှိနိုင်ဖို့ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ ၂၀၂၅ ခုနှစ် သုတေသနကနေ တွေ့ရှိချက် ၃ ခုကို ဖော်ပြသွားမှာ ဖြစ်ပြီး ဒီအချက်တွေက Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ဟာ အာရုံစူးစိုက်မှုကို ပြန်လည်ကောင်းမွန်စေရန်အတွက် ထိရောက်တဲ့ နည်းလမ်းဖြစ်ကြောင်း ခိုင်မာစွာ ဖော်ပြနေပါတယ်။
၁။ အနှောင့်အယှက်များကို လျစ်လျူရှုနိုင်ရန် ဦးနှောက်ကို လေ့ကျင့်ပေးခြင်း
ဖုန်းမြည်သံ၊ အလုပ်ခွင်ကနေ Slack ရဲ့ သတိပေးချက်တွေ၊ မက်ဆေ့ချ်တစ်ခုကို စစ်ဆေးရင်း အလိုအလျောက် ပြသလာတဲ့ Instagram Reels တွေ၊ Facebook Reels တွေ စတဲ့ အနှောင့်အယှက်တွေကြောင့် သင်ရဲ့ အာရုံဟာ အမြဲတစေ ပြတ်တောက်နေတယ်လို့ ခံစားရပါက ဒီအရာတွေဟာ သင့်ထံက အချိန်ထက်ပိုတဲ့ အရာတွေကို ယူဆောင်သွားတာပဲ ဖြစ်ပါတယ်။
အဲ့ဒီလို အနှောင့်အယှက်တွေနဲ့ ကြုံတွေ့ရတိုင်း ဦးနှောက်ဟာ အရင်လုပ်နေတဲ့အရာကနေ ထွက်ခွာသွားဖို့ တွန်းအားပေးခံရပြီး ပြန်လည်အာရုံစိုက်နိုင်ဖို့ ပိုမိုကြိုးစားအားထုတ်ရပါတယ်။ ဒီလို အလုပ်တွေ အဆက်မပြတ်ပြောင်းလဲနေတာကြောင့် အတွေးအချို့ဟာ နောက်ဆုံး အာရုံပျက်စေအောင် ဦးနှောက်ထဲမှာ နစ်မြုပ်ကျန်ရှိတဲ့ “အာရုံထဲမှာ ကျန်ရစ်မှု” ကို ဖြစ်ပေါ်စေပါတယ်။
ကြာလာတဲ့အခါ ဒီသေးငယ်တဲ့ အာရုံပြောင်းလဲမှုတွေ စုပုံလာပြီး အလုပ်တွေ ပြီးမြောက်အောင် မလုပ်နိုင်သလို စိတ်ပိုင်းဆိုင်ရာအရလည်း ပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေပါတယ်။ အာရုံပျံ့လွင့်မှုဟာ သင်ထင်ထားတာထက် သင့်စွမ်းအင်ကို ပိုမိုကုန်ခမ်းစေပါတယ်။
စိတ်ပျံ့လွင့်စေတဲ့အရာတွေကို လျစ်လျူရှုဖို့ ကြိုးစားလေလေ အာရုံစူးစိုက်မှု ပိုမိုပျံ့လွင့်လေလေ ဖြစ်ပါတယ်။ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ဟာ စိတ်ပျံ့လွင့်စေတဲ့အရာတွေအပေါ် ဦးနှောက်ရဲ့ တုံ့ပြန်မှုကို ပြောင်းလဲပေးတာကြောင့် အလွန်ရိုးရှင်းတဲ့နည်းလမ်းနဲ့ တန်ပြန်နိုင်ပါတယ်။
သုတေသနပြုချက်အရ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်မှာ ပါဝင်သူတွေရဲ့ အယ်လ်ဖာ (alpha) လှိုင်း လှုပ်ရှားမှု လျော့ကျသွားတာကို တွေ့ရပါတယ်။ အယ်လ်ဖာလှိုင်းဟာ စိတ်ပျံ့လွင့်ခြင်းနဲ့ အတွေးများ ဆက်တိုက် ပြောင်းလဲတာတွေနဲ့ နီးကပ်စွာ ဆက်နွှယ်နေတာကြောင့် ဒီအယ်လ်ဖာလှိုင်းလှုပ်ရှားမှု လျော့ကျတာဟာ ဦးနှောက်က ပိုမိုတည်ငြိမ်တဲ့ အာရုံစူးစိုက်မှု အခြေအနေကို ရောက်ရှိသွားကြောင်း ဖော်ပြပါတယ်။
အချုပ်အားဖြင့်ပြောရရင် သင်ဟာ အာရုံမပျံ့လွင့်ဘဲ ပစ္စုပ္ပန်မှာ အာရုံစူးစိုက်နိုင်လာမှာ ဖြစ်ပါတယ်။ အတွေးတွေ “ပျံ့လွင့်မှု” နည်းသွားမှာဖြစ်ပြီး အပြင်ကနေ ဝင်လာတဲ့ အရေးမပါတဲ့ အရာတွေကို ဖယ်ရှားလာနိုင်မှာ ဖြစ်ပါတယ်။
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ဟာ ဘယ်လို အချက်ပြမှု ဒါမှမဟုတ် လှုံ့ဆော်မှုမျိုးကိုမဆို အလိုအလျောက် တုံ့ပြန်ခြင်း မပြုဖို့ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှု လုပ်ဆောင်ချက်ကို အခြေခံအားဖြင့် လေ့ကျင့်ပေးပါတယ်။
လက်တွေ့ကျင့်စဉ်က မသင့်လျော်တဲ့အချိန်မှာ Facebook, Instagram ကနေ အသိပေးချက် ဝင်လာတဲ့အခါ ဦးနှောက်ကနေ သူ့ကို ချက်ချင်း တုံ့ပြန်တာမျိုး မလုပ်ဘဲ အသိပေးချက်တစ်ခု ဝင်လာတာကိုသာ လက်ခံသိရှိပေးရမှာ ဖြစ်ပါတယ်။ ချက်ချင်းအာရုံစိုက်သင့်တဲ့ အတွေးနဲ့ နောက်မှာထားနိုင်တဲ့ အတွေးတွေကို ခွဲခြားသိမြင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။
၂။ စိတ်ဖိစီးမှု မဖြစ်စေဘဲ အာရုံစူးစိုက်မှု တိုးမြှင့်ခြင်း
အာရုံစူးစိုက်မှုကို တိုးမြှင့်ဖို့ ကြိုးစားလေလေ စိတ်ဖိစီးမှု ပိုမိုမြင့်တက်လာလေလေ ဖြစ်တတ်ပါတယ်။ စိတ်အာရုံပျံ့လွင့်စေတဲ့ အတွေးအားလုံးကို ဖယ်ရှားဖို့ ကြိုးစားလေလေ အဲ့ဒီအရာတွေအပေါ် ပိုမိုစွဲလမ်းနေမိကြောင်း သတိပြုမိလာနိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူအချို့က ထုတ်လုပ်မှုစွမ်းအားကို တိုးမြှင့်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ သာဓကအားဖြင့် အလုပ်တိုင်းကို အချိန်သတ်မှတ်တာ၊ အလုပ်ကြာကြာလုပ်ဖို့ အတင်းကြိုးစားတာ၊ ရလဒ်တွေကို အသေးစိတ် ခြေရာခံတာ စတာတို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ အသုံးဝင်ပုံရနိုင်ပေမယ့် သတိမထားပါက စိတ်ဖိစီးမှုကို လျော့ကျစေမယ့်အစား စိတ်ဖိစီးမှု ပိုမိုဖြစ်ပေါ်နိုင်ခြေ များပါတယ်။
စိတ်အားထက်သန်မှု (သို့) အာရုံစူးစိုက်မှု အားကောင်းဖို့အတွက် အလွန်အမင်း ဖိအားပေးတာဟာ သင့်ရဲ့ စိတ်ဖိစီးမှုကို ပိုမိုတိုးစေပါတယ်။
စီစဥ်ထားတဲ့အတိုင်း လုပ်လို့မရတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို ကျရှုံးတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် “စီစဥ်ထားတဲ့အတိုင်း လုပ်ရမယ်” ဆိုတဲ့ ဖိအားက အလုပ်တစ်ခုတည်းကနေ ဖြစ်လာတဲ့ စိတ်ဖိစီးမှုထက်တောင် ပိုပြီးကြီးမားနေနိုင်ပါတယ်။
တကယ်လိုအပ်တာက စိတ်ဖိစီးမှု မရှိဘဲ သဘာဝအတိုင်း အာရုံစိုက်နိုင်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ အဲ့ဒီအခြေအနေကို ဖန်တီးနိုင်တာက Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်တစ်ခုဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်နေချိန်မှာ ပါဝင်သူတွေရဲ့ ဦးနှောက်ဟာ အာရုံစူးစိုက်မှုနဲ့ ပတ်သက်တဲ့နေရာတွေမှာ လှုပ်ရှားမှုတွေ တိုးလာပြီး ကိုယ်ခန္ဓာဆိုင်ရာ လှုပ်ရှားမှုတွေကတော့ လျော့နည်းလာပါတယ်။
ဒီအကျိုးသက်ရောက်မှု နှစ်ခုလုံးက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံစူးစိုက်မှုက ပိုကောင်းလာပေမဲ့ အတင်းအကျပ် အာရုံစိုက်မှုနဲ့အတူ ပါလာတတ်တဲ့ စိတ်ဖိစီးမှု တုံ့ပြန်မှုမျိုးတွေ မဖြစ်လာဘူးဆိုတာကို ပြသနေလို့ပဲ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်မှာ ပါဝင်သူတွေကို တောင့်တင်းခက်ခဲတဲ့ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရေး လုပ်ဆောင်ချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုမျိုး မရှိဘဲ ဆက်လက် အာရုံစိုက်နိုင်အောင် ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် ဒီလေ့ကျင့်ခန်းက ဦးနှောက်က အရာအားလုံးကို အသေးစိတ် ထိန်းချုပ်ထားစရာ မလိုဘဲ သဘာဝအတိုင်း အာရုံစိုက်နိုင်အောင် လေ့ကျင့်ပေးတာနဲ့ အတူတူပါပဲ။
၃။ ဆက်လက်လေ့ကျင့်ခြင်းဖြင့် သဘာဝအတိုင်း အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာနိုင်ခြင်း
ဘဝရဲ့ ဘယ်ကဏ္ဍမှာမဆို ဇွဲရှိရှိနဲ့ ဆက်လက်လုပ်ကိုင်နေတာက ရလဒ်ကောင်းတွေ ရရှိစေတယ်ဆိုတာ လူသိများတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုပါပဲ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကလည်း ဒီအတိုင်းပါပဲလို့ သုတေသနတွေက ထောက်ခံထားပါတယ်။
သုတေသနတစ်ခုအရ နေ့စဉ် ၁၅ မိနစ်ကြာ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ၆ ပတ်ကြာ လေ့ကျင့်ခဲ့တဲ့ ပါဝင်သူတွေမှာ အာရုံစူးစိုက်မှုနဲ့ သက်ဆိုင်တဲ့ ဦးနှောက်လှုပ်ရှားမှုတွေ ပြောင်းလဲလာတာကို တွေ့ရှိခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းအားဖြင့် ကြာလာတာနဲ့အမျှ ပင်ပန်းမှုမရှိဘဲ ဆက်တိုက် အာရုံစိုက်နိုင်လာပါတယ်။ ဒါက အာရုံစူးစိုက်နိုင်မှုဆိုတာ အချိန်ယူပြီး စဉ်ဆက်မပြတ် လေ့ကျင့်နေခြင်းဖြင့် တိုးတက်လာမယ့် ကျွမ်းကျင်မှုတစ်ခု ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ဒီထက် တိုတောင်းတဲ့ တရားထိုင်ခြင်းကလည်း အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အဓိကအချက်ကတော့ ရေရှည်အကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် ပုံမှန်ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။
ဒီတော့ အတင်းအကျပ် အချိန်ကြာကြာ တရားထိုင်တာမျိုး (သို့) ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ဖို့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကို ဖိအားပေးတာမျိုးတွေ မလုပ်ဘဲ အချိန်တိုတို ပုံမှန်တရားထိုင်ကြည့်ပါ။ နေ့စဉ် မိနစ်အနည်းငယ်လောက်ပဲ လုပ်တာတောင် နောက်ဆုံးမှာ သင့်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို သဘာဝအတိုင်း တိုးလာစေပါလိမ့်မယ်။
စိတ်ကို ပစ္စုပ္ပန်တွင် ထားရှိခြင်း
တရားထိုင်ခြင်းဆိုင်ရာ အကြံဉာဏ်တွေကို လျစ်လျူရှုထားဖို့က လွယ်ကူပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အမြဲလိုလို အကြံပေးလေ့ရှိတာကြောင့် “ ဒါမျိုးတွေလည်း ကြားဖူးပါတယ်” လို့တောင် ထင်ကောင်းထင်နိုင်ပါတယ်။
လူအများစုက “ တရားထိုင်လိုက်ရုံပဲ” လို့ ပြောခံရတဲ့အခါ စိတ်တိုတာမျိုး၊ ဒါမှမဟုတ် စက်ဆုပ်ရွံရှာတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ်ဘဝရဲ့ ရှုပ်ထွေးပွေလီမှုတွေနဲ့ သိပ်မကိုက်ညီတဲ့ မရေရာတဲ့ အကြံဉာဏ်တစ်ခုလို ခံစားရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရိုးရှင်းဆုံးနဲ့ စိတ်ရှည်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေကပဲ အကြီးမားဆုံးသော အပြောင်းအလဲတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပေါ်နေတဲ့ ဒစ်ဂျစ်တယ်လူ့ဘောင်ကို ကူးပြောင်းမှုက အာရုံစူးစိုက်မှုကြာချိန် အပြောင်းအလဲအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနေတယ်ဆိုတာကို သင်တို့အားလုံး ကောင်းကောင်း သိရှိကြမှာပါ။ ဒါ့ကြောင့် အာရုံစူးစိုက်မှု တိုးတက်လာဖို့ ဘယ်လောက်အထိ လိုအပ်နေပြီလဲဆိုတာကို နားလည်ဖို့က ပိုပြီးတော့ အရေးကြီးလာပါတယ်။ အာရုံစူးစိုက်မှု တိုးတက်လာတယ်ဆိုတာ အလုပ်နဲ့ ထုတ်လုပ်နိုင်စွမ်းတွေနဲ့ပဲ ဆက်စပ်နေတယ်လို့ ထင်တတ်ကြပေမဲ့ တကယ်တော့ ဒါဟာ ဘဝရဲ့ ကဏ္ဍတိုင်းမှာ ကိုယ့်ရဲ့အာရုံကို ဘယ်လိုဦးတည်မလဲဆိုတာနဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ကို အပြည့်အဝ အာရုံစိုက်လိုက်တာဟာ ဘဝကို ပိုပြီးပြည့်စုံစေတဲ့ ရိုးရှင်းတဲ့အရာတွေကို သတိပြုမိစေနိုင်ပါတယ်။ သာဓကအားဖြင့် ပြောဆိုဆက်ဆံမှုတွေရဲ့ နွေးထွေးမှု၊ ဒါမှမဟုတ် သင်အရမ်းကြိုက်တဲ့ အစားအစာတစ်ခုကို ရိုးရိုးရှင်းရှင်း အရသာခံစားလိုက်ရတဲ့ ပျော်ရွှင်မှုမျိုးပဲ ဖြစ်ပါတယ်။
စိတ်ရှုပ်ထွေးနေမယ့်အစား လက်ရှိအချိန်ကိုပဲ အာရုံစိုက်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အခါ ရှင်းလင်းပြတ်သားလာပြီး သင်အာရုံစိုက်သင့်တဲ့နေရာကို အာရုံစိုက်နိုင်လာပါလိမ့်မယ်။ အဲဒီလို နေထိုင်ခြင်းဖြင့် အရင်က တန်ဖိုးရှိမှန်းမသိခဲ့ဘဲ နောက်မှပြန်တွေးပြီး တန်ဖိုးထားတာမျိုး မဟုတ်ဘဲ၊ ဘဝရဲ့ “အခု” ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီလို အာရုံစူးစိုက်နိုင်စွမ်းကို လေ့ကျင့်ပျိုးထောင်ခြင်းက သင့်ရဲ့ဘဝကို အမှန်တကယ် ဖြတ်သန်းခံစားပြီး သင့်ရဲ့ဘဝကို ကျေးဇူးတင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

Photo: Forbes, ဂျပန်။ Getty Image