စက်တင်ဘာလ (၂၆)ရက်။
စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သူတွေနဲ့ ကူညီသူတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ချင်းညီနောင်(CB)က မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဟာ ပြည်သူရဲ့ သဘောဆန္ဒမပါဘဲ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်တာက ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ပြည်သူရဲ့ အချုပ်အခြာအာဏာကို အတင်းအဓမ္မ ရယူဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
အဲ့ဒီရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတဲ့ကာလထဲ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာ၊ ပြည်သူကို တိုက်ခိုက်တာ၊ စစ်အုပ်ချုပ်ရေးလို တင်းကြပ်တဲ့ဥပဒေတွေ ချမှတ်တာနဲ့ ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ မပါဝင်တာကြောင့် တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲလို့ ဖော်ပြထားပါတယ်။
နောက်ပြီး တရားမဝင်ရွေးကောက်ပွဲရလဒ်က ပဋိပက္ခကို ပိုမိုကြီးထွားစေကာ နိုင်ငံရေးထွက်ပေါက်ရှာတဲ့အနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ကြိုးပမ်းတာသာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတဝန်းရှိ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလက်တွဲကာ ဆန့်ကျင်သွားမှာဖြစ်သလို နိုင်ငံတကာကလဲ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံတာမလုပ်ဖို့ ချင်းညီနောင်က မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ချင်းညီနောင်အနေနဲ့ ထိန်းချုပ်နယ်မြေထဲ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းတာတွေကို တားမြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
