နိုဝင်ဘာလ (၁၂)ရက်။
နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကို AA က ခုခံစစ်တွေနဲ့အတူ တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံး တုံ့ပြန်ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။
နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေထဲကနေ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းတာခံရတဲ့ တပ်ဖွဲ့ဝင်သစ်တွေဟာ တိုက်ခိုက်လိုစိတ်မရှိတာကြောင့် အခွင့်အရေးရင်ရသလို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
အဲ့ဒီအထဲ အချို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အလံဖြူထောင် လက်နက်ချပြီး အလင်းဝင်တာတွေရှိသလို တိုက်ပွဲထဲ လက်ရဖမ်းဆီးရမိတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈/၉/၁၀)ရက်တို့မှာ ကပစ(၁၆)အနီး တိုက်ပွဲတွေကနေ စစ်ကော်မရှင်ရဲ့ စကခ(၁၀)လက်အောက်ခံ ခမရ(၃၆၁)နဲ့ ခမရ(၃၆၃)တပ်ရင်းတွေကနေ အလံဖြူထောင်၊ တပ်ပြေးနဲ့ လက်ရဖမ်းမိသူ (၁၆)ဦးအထိရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာရဲ့ အရှေ့ဘက် မီတာ(၂၅၀၀)အကွာရှိ လေလာတောင်အနီး တိုက်ပွဲမှာ စကခ(၁၀)လက်အောက်ခံ ခမရ(၃၆၈)တပ်ရင်းတခုထဲက အလံဖြူထောင်၊ တပ်ပြေးနဲ့ လက်ရဖမ်းမိသူ (၁၀)ဦးရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲကနေလဲ စစ်ကော်မရှင်တပ်ရဲ့ အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန်အခြေစိုက်တပ်က တပ်ကြပ်တဦး အလင်းဝင်လာခဲ့ကာ အဲ့ဒီတပ်ရင်းဟာ နတ်ရေကန်ဗျူဟာကုနးမှာ AA ရဲ့ ဝန်းရံပိတ်ဆို့တာကို ခံထားရတာပါ။
အဲ့ဒီနောက် ဧရာဝတီတိုင်း သာပေါင်းမြို့နဲ့ လေးမျက်နှာမြို့တို့က တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်က ထွက်ပြေးလာပြီး ဖမ်းဆီးခံရသူ (၂၀)ကျော်နဲ့ လက်နက်ချ အလင်းဝင်သူ (၂၀)ကျော်ရှိတယ်လို့ ပြောဆိုထားပါတယ်။
အခုလို အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးရမိသူတွေဟာ အခုနှစ်ထဲ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲတာခံရတဲ့ စစ်သင်တန်းဆင်းတွေဖြစ်ပြီး အချို့ဟာ အသက် (၁၈)နှစ် မပြည့်သေးသူတွေနဲ့ အထက်တန်းကျောင်းသားအရွယ်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ လက်နက်ချ အလင်းဝင်လာသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ပြုစုစောင့်ရှောက်ထားကာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေအနေနဲ့ ဘယ်လိုအခြေအနေမှာမဆို အလင်းဝင်နိုင်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။











