ဇန်နဝါရီလ (၁၉)ရက်။
အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ စစ်တွေတိုက်ပွဲမှာ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေ စွန့်ပစ်ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။
“ စကမက မနိုင်မနင်း ထိန်းချုပ်နေရတဲ့ စစ်တွေမှာ AA ရဲ့ အရှိန်အဟုန်ပြင်းတဲ့ ထိုးစစ်တွေကို ဆက်လက်ရင်မဆိုင်ရဲလောက်တဲ့အထိ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်နေတဲ့ စကမတပ်သားတွေဟာ လက်နက်ခဲယမ်းတွေကို စွန့်ပစ်ပြီး အုပ်စုလိုက် ထွက်ပြေးနေတာ” လို့ Araken Princess Media သတင်းဌာနက ဖော်ပြထားပါတယ်။
ဇန်နဝါရီလ (၁၃)ရက်နေ့ ည (၉)နာရီအချိန်က စစ်တွေမြို့ အုန်းတောကြီးရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်စခန်းက တပ်သား (၂၀)ခန့်ဟာ ရေလမ်းကြောင်းကနေ လှေတစီးခိုးယူပြီး ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဇန်နဝါရီလ (၁၂)ရက်နေ့ ည (၈)နာရီအချိန်က ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်သား(၂)ဦးဟာ လက်နက်ခဲယမ်းတွေကို ဇောပူဂျာရထားလမ်းအနီး စွန့်ပစ်ပြီး ထွက်ပြေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၁)ရက်နေ့ ည (၁၁)နာရီအချိန်မှာလဲ အုန်းတောကြီးရွာအထိုင်စခန်းက တပ်သား (၇)ဦး ထွက်ပြေးခဲ့သလို (၂)ဦးကို ပြန်ဖမ်းမိခဲ့ပေမယ့် (၅)ဦး လွတ်မြောက်သွားတယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ AA နဲ့တိုက်ပွဲတွေမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ အခုစစ်တွေတိုက်ပွဲမှာ ရှုံးနိမ့်မှာကို ကြိုသိနေတာ၊ သေဆုံးတာနဲ့ သုံ့ပန်းဖြစ်မှာအပါအဝင် စိတ်ဓါတ်ပျက်စီးတာ စတာတို့ကြောင့် အုပ်စုလိုက် ထွက်ပြေးနေတာလို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလိုပဲ ကျောက်ဖြူနဲ့ မာန်အောင်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်စွန့် ထွက်ပြေးတာနဲ့ AA ထံ လက်နက်ချ အလင်းဝင်တာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။






