ဇန်နဝါရီလ (၂၆)ရက်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ တိုက်နယ်အဖွဲ့တွေကို ဒေသခံတွေက BNRA အလိုမရှိဘူးဆိုပြီးတော့ ဆန္ဒပြခိုင်းတာပေါ့။ အဲ့လိုဆန္ဒပြခိုင်းတာမှာ ဘာကြောင့်ပြခိုင်းတယ်ဆိုတာမျိုး မပါလာဘူး။ သူတို့ကတော့ အလိုမရှိဘူးလို့လဲပြောတယ်။ အကြောင်းပြချက်က မရှိဘူး” လို့ ဆိုပါတယ်။
NUG က တိုက်နယ်အဖွဲ့တွေကနေတဆင့် ဒေသခံပြည်သူတွေကို ဖိအားပေးပြီး BNRA အလိုမရှိဘူးဆိုကာ ဆန္ဒပြဖို့ စေခိုင်းနေကာ အကြောင်းပြချက် မပါဝင်ဘူးလို့ သိရပါတယ်။
နောက်ပြီး ဇန်နဝါရီလ (၂၂)ရက်နေ့ကလဲ ပုလဲမြို့ရှိ ကျေးရွာတရွာမှာ BNRA အလိုမရှိကြောင်းနဲ့ NUG ကို ထောက်ခံကြောင်း ဆန္ဒပြတာတွေရှိပေမယ့် အဲ့ဒီလုပ်ရပ်ဟာ ပြည်သူတွေရဲ့ သဘောဆန္ဒမပါဝင်ဘူးလို့ ပြောဆိုနေကြပါတယ်။
“ တချို့ရွာတွေကတော့ အတင်းဖိအားပေးခံရတော့ ဆန္ဒပြတာတွေလုပ်ကြတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ သဘောဆန္ဒအမှန်မဟုတ်ဘူးပေါ့။ နောက်ပြီး ပြဖို့အကြောင်းပြချက်ကလဲ မပါဘူး။ တချို့ရွာတွေက ဆန္ဒမပြချင်တော့ အချိန်ဆွဲကြတယ်။ ဒါပေမယ့် ဒီနေ့မပြရင် နောက်နေ့ပြရမယ်ဆိုပြီး ဖိအားပေးနေတာ” လို့ ဒေသခံတဦးက ဆိုပါတယ်။
အခုလို ဆန္ဒပြတာတွေအပေါ် ဗိုလ်နဂါးဘက်က ပြန်လည်ရှင်းလင်းထားပြီး ဆန္ဒပြတာမှာ ဦးဆောင်သူတွေနဲ့ ပါဝင်တဲ့ ပြည်သူတွေဆီကနေ ကတိ (၂)ခုတောင်းခံခဲ့ပြီး အဲ့ဒီကတိတွေ ပေးနိုင်ပါက တော်လှန်ရေးက နှုတ်ထွက်မယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဗိုလ်နဂါး တောင်းခံထားတဲ့ ကတိ (၂)ခုဟာ NUG ကို ဆန္ဒပြပြည်သူတွေ ရှိလာပါက အဲ့ဒီဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်ပေးပါ့မယ်ဆိုတဲ့အချက်နဲ့ အခြားပြည်သူတွေက တောင်းဆိုလာရင် ဆန္ဒအတိုင်း လိုက်နာပြီး တာဝန်ခံခိုင်းပေးပါမယ်ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
အဲ့ဒီဆန္ဒပြပွဲတွေ မတိုင်ခင်မှာ ပုလဲမြို့နယ်ထဲ BNRA နဲ့ NUG တပ်တွေအကြား အခွန်ဂိတ်ကိစ္စတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပါ။
ဒီလိုဖြစ်ပွားပြီးနောက် NUG ဘက်က ပုလဲနယ်ထဲက ရွာတွေမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA အလိုမရှိဘူးဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို အတင်းအကြပ် စေခိုင်းလာတာလို့ သိရပါတယ်။








