နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက်

လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ညှိနှိုင်းမှုများ ကျရှုံးခဲ့ပါက အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကိစ္စရပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

ယူနိုက်တက်ကင်းဒမ်း (UK) တွင် အခြေစိုက်ထားသည့် ဆီဖြည့်လေယာဉ်များနှင့် တိုက်လေယာဉ်များ အပါအဝင် အမေရိကန် လေတပ်အင်အားစုများကို အရှေ့အလယ်ပိုင်းနှင့် ပိုမိုနီးကပ်သောနေရာများသို့ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။

ထို့အပြင် အမေရိကန်သည် ဒေသတွင်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဆက်လက်ပို့ဆောင်နေပြီး၊ လာမည့်အပတ်များအတွင်း တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာရမည့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့အချို့ကိုလည်း တာဝန်သက်တမ်း တိုးမြှင့် လိုက်ကြောင်း သိရသည်။ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန် စစ်ဘက် ကုန်တင်လေယာဉ် ဒါဇင်ပေါင်းများစွာသည် ဂျော်ဒန်၊ ဘာရိန်းနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံများသို့ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခဲ့ကြောင်း လေကြောင်းပျံသန်းမှု အချက် အလက်များအရ သိရသည်။

သောကြာနေ့ညနေပိုင်းတွင် တိုက်လေယာဉ်အများအပြားသည် ဂျော်ဒန်လေပိုင်နက် အတွင်း သို့ ဝင်ရောက်ရန် သံတမန်ရေးရာ ခွင့်ပြုချက်ရရှိခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများအရ ဇန်နဝါရီ ၂၅ ရက်ကတည်းက ဂျော်ဒန်နိုင်ငံ Muwaffaq Salti လေတပ်စခန်းတွင် အမေရိကန် F-15 တိုက်လေယာဉ် ၁၂ စင်းကို ဖြန့်ကြက်ထားသည်ကို တွေ့ရသည်။

ခြုံငုံကြည့်ပါက အမေရိကန်၏ ကုန်တင်လေယာဉ် အစင်းရေ ၂၅၀ ကျော်သည် ဒေသတွင်းသို့ ပျံသန်းဝင်ရောက်ထားကြောင်း ပွင့်လင်းမြင်သာသော လေကြောင်းအချက်အလက်များက ဖော်ပြနေသည်။

သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်လက ဆန္ဒပြသူများကို သတ်ဖြတ်နေခြင်းအား မရပ်တန့်ပါက တိုက်ခိုက်ရန် အမိန့်ပေးမည်ဟု အီရန်ခေါင်းဆောင်များကို သတိပေးခဲ့ပြီး နောက်ပိုင်း သီတင်းပတ်ပေါင်းများစွာ စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်နေခဲ့သည်။ သောကြာနေ့တွင်လည်း အီရန်၌ “ အစိုးရအပြောင်းအလဲ (Regime Change)” ဖြစ်ပေါ်ခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

စစ်အင်အား တိုးမြှင့်မှုနှင့် အစိုးရအပြောင်းအလဲအပေါ် ထရန့်အစိုးရ၏ အလေးထား ပြောဆိုမှုများကြောင့် ဒေသတွင်း၌ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး အင်္ဂါနေ့ဆွေးနွေးပွဲ မှာ ပိုမိုအရေးကြီးလာသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန်ဘက်မှ ထရန့်၏ အထူးကိုယ်စားလှယ် စတိ့ဗ်ဝစ်ကော့ဖ် (Steve Witkoff) နှင့် သားမက်ဖြစ်သူ ဂျာရတ်ကူရှနာ (Jared Kushner) တို့က ဦးဆောင်မည်ဖြစ်ပြီး၊ အီရန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ဂူချီ (Abbas Araghchi) က ကိုယ်စားပြုမည်ဖြစ်သည်။

‘ဘယ်သူ အာဏာလွှဲယူမလဲဆိုတာ ဘယ်သူမှမသိ’

သို့သော်လည်း အကယ်၍ အီရန်အစိုးရကို ဖယ်ရှားလိုက်ပါက နောက်ဆက်တွဲ ဘာဖြစ် လာမည် ဆိုသည်ကို အမေရိကန်အစိုးရအနေဖြင့် ရှင်းလင်းစွာ စီစဥ်ထားခြင်းအကြောင်းကို မရှိသေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ကလည်း ပြီးခဲ့သည့်လ လွှတ်တော်ကြားနာပွဲတစ်ခုတွင် အကယ်၍ အီရန်အစိုးရ ပြိုလဲသွားပါက မည်သူက အာဏာလွှဲယူမည်ကို “ ဘယ်သူမှမသိ” ကြောင်း ပြောကြားခဲ့သည်။

အကယ်၍ အစိုးရပြိုလဲသွားပါက ဖြစ်ပေါ်လာမည့် အခြားရွေးချယ်စရာများသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် ပိုမိုပြဿနာရှိနိုင်ကြောင်း သတင်းရင်းမြစ် များက ဆိုသည်။ ကာလတိုအတွင်းတွင် သဘောထားတင်းမာသည့် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က အာဏာလစ်လပ်မှုကို ဖြည့်ဆည်းဖွယ်ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအသိုက်အဝန်းက ယုံကြည်ထားသည်။

အမေရိကန်သည် ထရန့်၏ ပထမသက်တမ်းအတွင်း အီရန်၏ သြဇာအရှိဆုံး စစ်သေနာပတိ ကာဆမ် ဆိုလေမနီကို လုပ်ကြံခဲ့ပြီးနောက်ပိုင်း IRGC ၏ အတွင်းပိုင်းအဆင့်ဆင့် ဖွဲ့စည်းပုံကို ရှင်းလင်းစွာ မသိရှိရတော့ပေ။

လွန်ခဲ့သည့်လက ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုကို ဖမ်းဆီးခြင်းမပြုမီ ထိုနိုင်ငံ၏ အာဏာချိန်ခွင်လျှာကို အမေရိကန်ထောက်လှမ်းရေးက ကောင်းစွာနားလည်ခဲ့သော်လည်း၊ အီရန်တွင်မူ အဆင့်မြင့်ခေါင်းဆောင်ကြီး (Supreme Leader) ကို အစားထိုးနိုင်မည့်သူနှင့် ပတ်သက်၍ ထိုသို့သော ထိုးထွင်းသိမြင်မှုမျိုး မရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က အီရန်ဆန္ဒပြပွဲများ အရှိန်အဟုန်ပြင်းနေချိန်တွင် အမေရိကန်က တိုက်ခိုက်မှုပြုလုပ်ခဲ့ပါက အတိုက်အခံများအတွက် အားသာချက်ဖြစ်စေပြီး အစိုးရကို ဖြုတ်ချနိုင်မည့် အခွင့်အလမ်းရှိခဲ့သော်လည်း၊ ယခုအခါ ထိုအခွင့်အရေးကို ထရန့် “ လက်လွတ်သွားပြီလား” ဟု အချို့က မေးခွန်းထုတ်နေကြသည်။

ထိုစဉ်က အမေရိကန် စစ်အင်အားစုများသည် အရှေ့အလယ်ပိုင်းထက် ကာရစ်ဘီယံ ဒေသတွင် ပိုမိုစုပြုံနေခဲ့သဖြင့် ရွေးချယ်စရာ နည်းပါးခဲ့သည်။ ထို့အပြင် အကယ်၍ အီရန်က ဒုံးကျည်များဖြင့် လက်တုံ့ပြန်တိုက်ခိုက်လာပါက အကာအကွယ်မဲ့သွားမည်ကို အစ္စရေးတို့က စိုးရိမ်ခဲ့ကြသည်။

ယခုအခါ ထရန့်သည် တိုက်ခိုက်ရမည့် အကြောင်းပြချက်ကို ပြောင်းလဲလိုက်ပြီး အီရန်၏ နျူကလီးယား ယူရေနီယံသန့်စင်မှုအပေါ် အခြေခံ၍ ပြောဆိုလာသည်။ “ ဒီဆွေးနွေးပွဲတွေ အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်၊ မအောင်မြင်ရင်တော့ အီရန်အတွက် တကယ့်ကို ဆိုးရွားတဲ့နေ့တစ်နေ့ ဖြစ်လာလိမ့်မယ်” ဟု သောကြာနေ့တွင် ထရန့်က ပြောကြားခဲ့သည်။

ယခင်လနှင့်မတူသည်မှာ ယခုအခါ အမေရိကန်သည် USS Abraham Lincoln လေယာဉ်တင် သင်္ဘောအုပ်စုကို ဒေသတွင်း၌ ဖြန့်ကြက်ထားပြီးဖြစ်ကာ USS Gerald Ford သင်္ဘောအုပ်စု မှာလည်း လာနေပြီဖြစ်သည်။ “ အကယ်၍ သဘောတူညီချက်မရခဲ့ရင် ဒါတွေက လိုအပ် လာလိမ့်မယ်” ဟု ထရန့်က ဆိုသည်။

အဆိုပါ စစ်အင်အားဖြည့်တင်းမှုသည် ထရန့်အနေဖြင့် တိုက်ခိုက်ရန် အမိန့်ပေးပါက ရွေးချယ် စရာ နည်းလမ်းများစွာကို ရရှိစေမည်ဖြစ်သည်။ လေယာဉ်တင်သင်္ဘောများနှင့်အတူ လိုက်ပါလာသည့် ဒုံးကျည်တင် ဖျက်သင်္ဘောများသည် မိုင် ၁၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော Tomahawk ခရုစ်ဒုံးကျည်များကို တင်ဆောင်ထားသည်။

တိုက်ခိုက်မည့် ပစ်မှတ်များထဲတွင် အီရန်၏ နျူကလီးယားစခန်းများအပြင် IRGC ဌာနချုပ် များနှင့် အခြားစစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ပါဝင်နိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ရန်လည်း ဆွေးနွေးမှုများရှိနေသည်။

‘အီရန်နဲ့ သဘောတူညီချက်ရဖို့ ခက်ခဲပါတယ်’

ထရန့်က အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှု လုံးဝမလုပ်ရန် အလိုရှိနေသော်လည်း၊ အီရန်ဘက်ကမူ ၎င်းသည် မိမိတို့၏ အခွင့်အရေးဖြစ်သည်ဟု ဆုပ်ကိုင်ထားသဖြင့် ညှိနှိုင်းရန် နေရာမရှိသလောက် ဖြစ်နေသည်။ သို့သော်လည်း အချို့က စီးပွားရေးဆိုင်ရာ မက်လုံးများဖြင့် ဆွေးနွေးနိုင်ခြေရှိသည်ဟု ယူဆနေကြသည်။

ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကြီးအကဲ ရာဖယ်ဂရော့စီ (Rafael Grossi) သည် တနင်္လာနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံကာ အသေးစိတ် နည်းပညာပိုင်း ဆိုင်ရာများကို ဆွေးနွေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ကမူ ထရန့်သည် သံတမန်ရေးရာ နည်းလမ်းကို ပိုမိုနှစ်သက်သော်လည်း အီရန်၏ သဘောထားတင်းမာသည့် ဘာသာရေးခေါင်းဆောင်များ ကြောင့် သဘောတူညီချက်ရရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။ အကယ်၍ အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက လွှတ်တော်သို့ အသိပေးမည်လားဟူသော မေးခွန်းကိုမူ ၎င်းက တိတိကျကျ ဖြေဆိုခြင်းမရှိဘဲ ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟုသာ ပြောကြားခဲ့သည်။

ပင်လယ်ကွေ့ အာရပ်နိုင်ငံများကမူ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြပြီး စစ်ရေးထက် သံတမန်ရေးကို ပိုမို ဦးစားပေးရန် တိုက်တွန်းနေကြသည်။ အစ္စရေးတစ်နိုင်ငံတည်းကသာ အမေရိကန်အား အီရန်ကို တိုက်ခိုက်ရန် တိုက်တွန်းနေခြင်းဖြစ်သည်။

အီရန်ဘက်ကလည်း ဆွေးနွေးပွဲမတိုင်မီ ၂၄ နာရီအလိုတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် ခဲ့ပြီး၊ IRGC သည် အာရပ်စော်ဘွားများပြည်နယ်နှင့် အငြင်းပွားနေသည့် ကျွန်းသုံးကျွန်းတွင် ဒရုန်းများနှင့် စစ်အင်အားများ ဖြန့်ကြက်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

အီရန်စစ်ဦးစီးချုပ်ကလည်း “ ထရန့်အနေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်တာတွေ မလုပ်နိုင် တော့အောင် ပြင်းထန်တဲ့ သင်ခန်းစာတွေ ပေးမယ့် ထိပ်တိုက်ရင်ဆိုင်မှုထဲကို ရောက်လာ လိမ့်မယ်” ဟု သတိပေးပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အာရေဗျပင်လယ်အတွင်း စစ်သင်္ဘောအုပ်စုနှင့်အတူ ခုတ်မောင်းနေသည့် လေယာဉ်တင်သင်္ဘော USS Abraham Lincoln။ (ဓာတ်ပုံ – Petty Officer 1st Class Jesse Mo/US Navy)(ပုံ)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကာရစ်ဘီယံပင်လယ်ပြင်တွင် USS Gerald R. Ford ပေါ်မှ လေယာဉ်များ ပျံတက်နေစဉ်။ (ဓာတ်ပုံ – Petty Officer 2nd Class Mariano /US Navy)

အီရန်တွင်အစိုးရကို ဆန္ဒပြနေသောပြည်သူများ(ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော