၂၀၂၆ခုနှစ်၊ဧပြီလ၁ရက်
အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။
ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “ မီဒီယာလွတ်လပ်ခွင့် ကို ကန့်သတ်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်” ဟု လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် Türk က ဆိုသည်။
“ ဒေသအနှံ့မှာ အရပ်ဘက်နယ်ပယ်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ တင်းကျပ်လာတာ ကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ အစိုးရတွေဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင် ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ အကြောင်းပြချက် တိတိကျကျမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးမှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှုတွေဟာ မရေရာမှု၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကြားမှာ နေထိုင်နေကြရတဲ့ ပြည်သူတွေအပေါ် အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် သက်ရောက်မှုတွေ ရှိနေပါတယ်”
အဆိုပါထုတ်ပြန်ချက်တွင် စစ်ပွဲစတင်ကတည်းက အီရန်နိုင်ငံ၌ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သည့် စွဲချက်များဖြင့် ဖမ်းဆီးခံထားရသူ ခန့်မှန်းခြေ ၂,၃၄၅ ဦးခန့် ရှိကြောင်း Türk က ရည်ညွှန်းပြောဆိုခဲ့သည်။
“ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ခံစားရမှုတွေက မလုံလောက်သေးသလိုပဲ၊ အချို့သော အီရန်နိုင်ငံသားတွေဟာ တရားလက်လွတ် ဖမ်းဆီးခံရတာ၊ ထောင်သွင်းအကျဉ်းချခံရတာ၊ မှန်ကန်တဲ့ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေမပါဘဲ တရားစွဲဆိုခံရတာတွေ ကြုံတွေ့
နေရပါတယ်။ အချို့ကိစ္စတွေမှာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အစိုးရကနေ ကွပ်မျက်တာမျိုး အထိ တောင် ရှိနေပါတယ်” ဟု Türk က ဆိုသည်။
အစ္စရေးအာဏာပိုင်များသည်လည်း လူမှုကွန်ရက်ပေါ်တွင် “ လှုံ့ဆော်မှု” နှင့် “ ရန်သူကို ချီးမြှောက်မှု” တို့ပါဝင်သည့် စာသားများ တင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပါလက်စတိုင်း ရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့အပြင် ဘာရိန်း၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်နှင့် ဂျော်ဒန် ကဲ့သို့သော နိုင်ငံများရှိ အာဏာပိုင်များသည်လည်း ဆက်သွယ်ပြောဆိုမှုများနှင့် ပတ်သက် သည့် ပြစ်မှုများဖြင့် လူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဆက်လက် ဖော်ပြ ထားသည်။

မတ်လ (၆) ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ဥရောပဌာနချုပ်တွင် အရှေ့အလယ်ပိုင်း အကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က မီဒီယာများကို ပြောကြားနေစဉ်။ (Salvatore Di Nolfi/Keystone/AP) (ဓါတ်ပုံ)







