စစ်(၃)စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ကုန်စင်အောင် တိုက်ဖျက်ကြဖို (၆၂)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က တိုက်တွန်းထားတယ်လို သိရပါတယ်။
၁၉၄၈ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကနေ ဒီကနေ့ နွေဦးတော်လှန်ရေးအဆုံး အုပ်စိုးသူအဆက်ဆက်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတွေမှာ လက္ခဏာ(၂)ခုကို တွေ့ရတယ်လို ဆိုပါတယ်။
အဲ့ဒါတွေဟာ အုပ်စိုးသူအဆက်ဆက်ကို အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေက တော်လှန်နေတဲ့ လူမျိုးပေါင်းစုံလက္ခဏာနဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို ဦးတည်တဲ့အချက်လို ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး စုပေါင်းပိုင်ဆိုင်တဲ့အချက်က ဘယ်အရေးကိစ္စမှာမဆို တန်းတူပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့ အခွင့်အရေးနဲ့ အတိအလင်း ပြဋ္ဌာန်းထားတယ်လို ရေးသားထားပါတယ်။
ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး-ဖက်ဆစ်ဂျပန်တော်လှန်ရေးဆိုတဲ့ တတိုင်းတပြည်လုံးရဲ့ အရေးအရာတွေမှာ လူမျိုးပေါင်းစုံပြည်သူတွေ ပါဝင်ကြိုးပမ်းခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ အခိုင်အမာ မှတ်တမ်းတင်ထားတယ်လို ပြောဆိုထားပါတယ်။
ဒီလို ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက် တော်လှန်ရေးဖြစ်တဲ့ ဒီမိုကရေစီတော်လှန်ရေးခရီးစဉ်မှာလဲ လူမျိုးပေါင်းစုံပြည်သူတွေ ပါဝင်တော်လှန်နေကြတာကို အထင်အရှား တွေ့မြင်နိုင်တယ်လို ထုတ်ပြန်ထားပါတယ်။
နောက်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ “ စုပေါင်းခေါင်းဆောင်မှုနဲ့ စုပေါင်းဆောင်ရွက်မှု” ဟာ မရှိမဖြစ် လိုအပ်ကာ ခိုင်မာတဲ့ အောင်ပွဲအဆင့်ဆင့် ရရှိနိုင်မယ်ဆိုတာ ညွှန်ပြနေတယ်လို အသိပေးထားပါတယ်။
ဒါ့ကြောင့် နွေဦးတော်လှန်ရေးအတွက် လိုအပ်နေတဲ့ “ စုပေါင်းခေါင်းဆောင်မှုနဲ့ စုပေါင်းဆောင်ရွက်မှု” လက်တွေ့ကျကျ တည်ဆောက်ဖို ကလလတရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားတယ်လို သိရပါတယ်။








